Wednesday 1 July 2015

KFC ဆိုင်ခွဲစတင်ဖွင့်လှစ်သည့်နေ့တွင် ၀ယ်ယူအားပေးသူများပြား၍ လူဦးရေအကန့်အသတ်ဖြင့်ရောင်းချရ

KFC ဆိုင်ရှေ့တွင် တန်းစီနေသူများကိုတွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းချမ်း)  
မြန်မာနိုင်ငံတွင် ပထမ ဆုံးဖွင့်လှစ်သည့်    အမေရိကန် တံဆိပ်  KFC  ကြက်ကြော်ဆိုင် သည် စတင်ဖွင့် လှစ်သည့် နေ့၌ပင် ၀ယ်ယူအားပေး သူများပြားခဲ့သဖြင့်ဆိုင်တံခါးများပိတ်၍ အလှည့်ကျစနစ်ဖြင့် လူဦးရေ ကန့်သတ် ရောင်းချခဲ့ရကြောင်း သတင်းရရှိသည်။

KFCသည် မြန်မာနိုင်ငံတွင် ပထမဆုံးဆိုင်ခွဲအဖြစ်  ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအနီး၌ ဇွန်၃၀ ရက်က ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။ လူတန်းစားမရွေးဝယ်ယူစားသုံးနိုင်မည့် သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းချထား ပေးကြောင်းနှင့် ယခုနှစ်အတွင်းရန်ကုန်မြို့အနှံ့ KFCဆိုင်ခွဲများထပ်မံဖွင့်လှစ်ရန်ရှိကြောင်း KFC Myanmar မန်နေဂျင်းဒါရိုက်တာမစ္စတာJR Chingက ဆိုင်ဖွင့်ပွဲတွင်ပြောသည်။

‘‘ရန်ကုန်မှာစဖွင့်မယ်ဆို တော့ စီစဉ်ရတဲ့အပိုင်းမှာအခက် အခဲက တခြားစားသောက်ဆိုင် တွေလိုပါပဲ။ ဒါပေမဲ့ စားသောက်ကုန်ကြမ်းတွေကို ရှာတဲ့အခါမှာအခက်အခဲနည်းနည်းတော့ရှိခဲ့ပါတယ်။ KFCဘက်က အရမ်းမြင့်တဲ့ အရည်အသွေးစနစ်တွေကို  သုံးစွဲထားတဲ့အတွက် လိုက်မီဖို့ကို တော်တော်လေးကြိုးစားရ ပါတယ်။ ဈေးနှုန်းကိုတော့ ကျွန်မတို့ဘက်က ကျွေးချင်တဲ့စေတနာနဲ့အများစားသုံးနိုင်တဲ့ ဈေးနှုန်းကို ရွေးပေးထားတာပါ’’ဟု KFCမှ လုပ်ငန်းကြီးကြပ်ရေးမန်နေဂျာဒေါ်မေသူခိုင်ကပြောသည်။

KFCကြက်ကြော်ဆိုင်တွင် ကြက်ကြော်အပြင် ဘာဂါ၊ အာ လူးချောင်းကြော်၊ ကြက်ဥပူတင်း၊ ကော်ဖီ၊ ကိုကာ ကိုလာနှင့် ထမင်း ဖြူပါရရှိနိုင်ပြီး ဈေးနှုန်းများမှာအ နည်းဆုံးကျပ်တစ်ထောင့်ငါးရာမှ ကျပ်နှစ်သောင်း အထိဖြစ်သည်။

ကြက်ကြော်နှစ်တုံး(သို့)ဘာ ဂါတစ်ခု၊ ကိုကာကိုလာတစ်ခွက် နှင့် ထမင်းဖြူတစ်ပွဲ(သို့)အာလူး ချောင်းကြော် တစ်ပွဲတို့ပါဝင်သည့် တစ်စုံလျှင် ၃,၅၀၀ကျပ်ဖြစ်ပြီး ကြက်ကြော်တစ်ခုလျှင် ၁,၃၀၀ကျပ်၊ ကိုကာကိုလာ တစ်ခွက်လျှင်၈၀၀ကျပ်၊ ကြက်ဥပူတင်းတစ်ခုလျှင်၁,၄၀၀ကျပ်နှင့် ဘာဂါ တစ်ခုလျှင် ၂,၉၀၀ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

KFCအနေဖြင့် လူမှုတာဝန် ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းCSRအဖြစ် အစားအသောက်အရည်အသွေးကို ဂရုပြုစီစဉ်ထားကြောင်း ဒေါ်မေသူခိုင်ကပြောကြားသည်။

‘‘CSRအနေနဲ့ကတော့ လူတွေကို ကောင်းကောင်းရင်းနှီး မြှုပ်နှံမှုပေးတယ်။ အစားအသောက်ရဲ့ အရည် အသွေးကို သေ ချာဂရုစိုက်စီစဉ်ပေးတယ်။အပြင် မှာစားရင်အရည်အသွေးမမီတာ ရှိမယ်။ KFCမှာတော့ စိတ်ပူစရာ မရှိဘူး’’ဟု ၎င်းကပြောသည်။

KFCစတင်ဖွင့်လှစ်သည့်ရက်တွင် ပထမဆုံးဝယ်ယူစားသုံးသည်လူဦးရေတစ်ရာအား KFC အမှတ်တံဆိပ်ပါ ဦးထုပ်များလက်ဆောင်ပေးခဲ့ပြီး တစ်ပတ်အတွင်းဝယ်ယူစားသုံးသည့်သူများအတွက် ကိုကာကိုလာ ကုမ္ပဏီက ကံစမ်းမဲအစီအစဉ်များ ပြုလုပ်ပေးမည်ဖြစ်သည်။

KFCကို စတင်တည်ထောင်ခဲ့သူမှာအမေရိကန်နိုင်ငံသား Colonel Sandersဖြစ်ပြီး ပ ထမဆုံး KFCဆိုင်ကို ၁၉၅၂တွင် အမေရိကန်ပြည်ထောင်စု ယူတာ ပြည်နယ် ဆောလိတ်စီးတီးမြို့၌ ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် KFCသည် ကမ္ဘာ့ အကြီးဆုံးစားသောက်ဆိုင်တွဲ လုပ်ငန်းများ၌   တစ်ခုအပါအ ၀င်ဖြစ်ပြီး နိုင်ငံ ပေါင်း ၁၂၀ကျော် တွင် စားသောက်ဆိုင် ပေါင်းနှစ် သောင်းခန့်ဖွင့်လှစ်ထားကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment