Tuesday 19 May 2015

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အချို့ ရိုင်းပျစွာ ပြုမူဆက်ဆံမှု၊ မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်မှုများကို မနှစ်မြို့ကြောင်း ခရီးသွားပြည်သူများ ဝေဖန်

ဆူးလေဘုရားလမ်းပေါ်ရှိ မှတ်တိုင်တစ်ခုတွင် လမ်းလယ်၌ ခရီးသည်များ တင်နေသည့် ခရီးသည်တင် ယာဉ်အား တွေ့ရစဉ်
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့၏ ရိုင်းပျစွာပြုမူ ဆက်ဆံမှုများကို မနှစ်မြို့ကြောင်း ခရီးသွားပြည်သူများက ဝေဖန်ပြောကြားသည်။

ထို့အပြင် ခရီးသည်တင်ယာဉ်အချို့၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်မှု၊ ယာဉ်စီးခ ပိုမို တောင်းခံနေမှုများ မကြာခဏ ကြုံတွေ့နေရကြောင်းလည်း ခရီးသွားပြည်သူများထံမှ မေ ၁၈ ရက်တွင် သိရသည်။

“လိုင်းကားအချို့က ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေရဲ့ အပြုအမူက တော်တော်ရိုင်းတယ်။ လမ်းလယ် ကနေ ကားရပ်ပြီး ခရီးသည်အတင်အချ လုပ်တယ်။ ဒါကြောင့် အဲဒီလိုင်းကားကို ကျော်တက်ဖို့ ဟွန်းတီးပြီး လမ်းတောင်းတာကို ရန်ပြုဖို့ လုပ်တယ်။ အပြုအမူတွေက တော်တော်ရိုင်းစိုင်းတယ်။ လိုင်းကား သမားတွေရဲ့ ဆိုးရွားတဲ့ အပြုအမူတွေကို တော်တော်များများ ကြုံဖူးကြမှာပါ။ မေ ၁၇ ရက် ညတုန်း ကလည်း စက်ဘီးစီးသူ တစ်ယောက်ကို ယာဉ်နောက်လိုက်ကဆင်းပြီး ထိုးကြိတ်တယ်လို့ ကြားရတာမျိုးက မကောင်းဘူး။ ဒါမျိုးဖြစ်တာတွေရဲ့ အဓိက အကြောင်းရင်းက ယာဉ်စည်းကမ်းဖောက်ဖျက်ရာက စတာပဲ။ ဒါကြောင့် ခရီးသည်တင် ယာဉ်တွေကို ထိထိရောက်ရောက် ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းသင့်တယ်။ သူတို့ ကျူးလွန်တဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးပြီး ထိထိရောက်ရောက် ဟန့်တားသင့်တယ်။ မထသ မှာလည်း တာဝန်ရှိတယ်” ဟု အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုမြင့်ထွေးက ပြောကြားသည်။

မေ ၁၇ ရက် ည ၁၁ နာရီ ၀န်းကျင်ကလည်း ၁၀၅ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် တစ်ဦးမှာ စက်ဘီး စီးနေသူ တစ်ဦးနှင့် ကျောက်မြောင်းမီးပွိုင့် အနီးတွင် စကားများခဲ့ပြီး ထိုးကြိတ်ခဲ့သောကြောင့် စက်ဘီး စီးလာသူမှာ မျက်နှာတွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်ကုသနေရကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ၁၀၅ ယာဉ်လိုင်းမှ ယာဉ်မောင်းသက်ဇော်ဦး၊ ထိုးကြိတ်ရန်ပြုသူ ယာဉ်နောက်လိုက် သိန်းဇော်ဦး၊ အခြားယာဉ်နောက်လိုက် တစ်ဦးဖြစ်သည့် နိုင်လင်းတို့ကို မေ ၁၈ ရက်တွင် တာမွေရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနည်းတူ ပြီးခဲ့သည့် နှစ်များအတွင်းကလည်း ခရီးသည်တင်ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု၊ ခရီးသွားပြည်သူများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ သံထည်အရောင်းဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်နေသည့် တောင်ဒဂုံမြို့နယ်နေ ကိုမျိုးအောင်က “လက်ထဲ အကြွေမရှိဘူးဆိုရင် ကားခငါးရာတန် ပေးလိုက်တယ်။ အချို့စပယ်ယာတွေ ဆိုရင်ပြန်အမ်းဖို့ မသိချင်ယောင် ဆောင်နေကြတယ်။ ပြန်တောင်းရင်လည်း သူတို့မျက်နှာတွေက ခပ်မာမာ တွေပဲ၊ တစ်ခါတလေ မှတ်တိုင်ရောက်ရင်လည်း အရှိန်မလျှော့ကြဘူး။ တချို့ဆို ကားပေါ်ကဆင်းရင် သူတို့က အမြန်တွန်းချလို့ ချော်တောင်ကျတယ်။ တချို့ စပယ်ယာတွေ ဒရိုင်ဘာတွေ အရမ်းမိုက်ရိုင်း ကြတယ်။ သူတို့က ခရီးသည်အသက်တွေကို အလေးမထားကြဘူး။ သူတို့ပိုက်ဆံရဖို့၊ အခေါက်ရေ များများရဖို့ပဲ ဦးစားပေးကြတာ” ဟု ဝေဖန်ပြောကြားသည်။

အလားတူ ခရီးသည်တင်ယာဉ်များသည် ယာဉ်နှစ်စီး ခရီးသည်ရရှိရေးအတွက် ယှဉ်ပြိုင်မောင်းနှင်စဉ် အချိန် အတွင်း ကားမှတ်တိုင်မရပ်ခြင်း၊ ခရီးသည်များအား ကားရပ်သည်နှင့် ကားပေါ်မှ အမြန်ဆွဲချခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်၍ ဘေးယာဉ်အား ကျော်တက်ခြင်း၊ ယာဉ်စီးခပိုမိုတောင်းခံခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့နေ အခြေခံလူတန်းစား ပြည်သူလူထုသည် နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုများကို ကြုံတွေ့ခံစား နေရသည့်အပြင် လိုင်းကားများ စီးနင်းရာတွင် ယင်းကဲ့သို့ ယာဉ်နောက်လိုက်များ၊ ယာဉ်မောင်းများ၏ ရိုင်းပျစွာ ဆက်ဆံမှုများ၊ အသက်အန္တရာယ်အတွက် အာမခံချက် မပေးနိုင်သည့် အရှိန်ပြင်း မောင်းနှင်မှု များကိုပါ ကြုံတွေ့နေရသောကြောင့် လူမှုဘ၀ အခက်အခဲများကို နေ့စဉ်ရင်ဆိုင် နေကြရကြောင်းလည်း သိရသည်။

“ကျွန်တော်က မနက် ၈ နာရီလောက်ဆိုရင် မင်္ဂလာဒုံခရေ ပင်လမ်းခွဲကနေ လိုင်းကားစီးပြီး ဆူးလေ ဘက်ကို အလုပ်သွားတယ်။ ဒီဘက်က လိုင်းကားတွေက အရှိန်လွန် မောင်းနှင်တာတွေ မကြာခဏ ကြုံနေရတယ်။ တစ်စီးနဲ့တစ်စီးလည်း သူ့ထက်ငါအရင် ခရီးသည်တင်နိုင်ရေး ပြိုင်မောင်းတာတွေရှိတယ်။ အဆိုးဆုံးကတော့ မနက်ပိုင်း ရုံးတက်ချိန်နဲ့ ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ယာဉ်တွေက ခရီးသည် တင်နိုင်ရေး အလုအယက် ပြိုင်မောင်းကြတာပါပဲ” ဟု မင်္ဂလာဒုံမြို့နယ်နေ ဆူးလေရှိ အလူမီနီယံဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သူ ကိုမင်းဇော်က ပြောကြားသည်။

ခရီးသည်တင်ယာဉ် တိုက်မိမှုကြောင့် လူသေဆုံးရသည့် ဖြစ်စဉ်တစ်ခုမှာ ဧပြီ ၂၀ ရက် နံနက် ၁၂ နာရီခန့်တွင် မထသ ၅၁ ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီးသည် မင်္ဂလာဒုံမြို့နယ်အတွင်း ဘရိတ် ပေါက်ပြီး ပေါက်ကုန်းရပ်ကွက်ရှိ စက်ဘီးတစ်စီးနှင့် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်သို့ ၀င်တိုက်ခဲ့မှုကြောင့် ဆံပင် ညှပ်ရန် စောင့်နေသည့် ကလေးတစ်ဦး သေဆုံးခဲ့ရကာ သုံးဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ခရီးသည်တင် ယာဉ်လိုင်းအချို့မှာလည်း ၎င်းတို့၏ ဌာနများမှ သတ်မှတ်ထားသည့် ယာဉ်စီးခအတိုင်း ကောက်ခံခြင်းမရှိဘဲ ခရီးစဉ်တစ်ပိုင်း ကျပ် ၅၀ ပေးစီးရမည့် နေရာတွင် ကျပ် ၁၀၀ အထိ လည်းကောင်း၊ ကျပ် ၁၀၀ ပေးရမည့် ခရီးစဉ်တွင် ကျပ် ၂၀၀ အထိလည်းကောင်း အသီးသီး ပိုမိုကောက်ခံနေကြပြီး ညပိုင်းပြေးဆွဲသည့် ခရီးသည်တင် ယာဉ်အချို့တွင် အသက်မပြည့်သေးသူများ၊ သတ်မှတ်ယာဉ်မောင်းလိုင်စင် မရှိသူများပါ မောင်းနှင်နေကြောင်း သိရသည်။

“ညပိုင်းမောင်းနေတဲ့ ဘီအမ်တွေဆိုရင် ညဘက်စီးရင် ၃၀၀ အထိပေးရတယ်။ တစ်ခါတလေ ၄၀၀၊ ၅၀၀ အထိတောင်းတာ ကြုံရတယ်။ နောက်ပြီး မောင်းနေတဲ့သူကလည်း အလွန်ဆုံးရှိမှ အသက် နှစ်ဆယ်လောက်ပေါ့။ စပယ်ယာဆိုရင် ကျွန်တော့်အထင် ၁၅ နှစ်လောက်ပဲ ရှိဦးမယ်။ သေချင်သေ၊ ရှင်ချင်ရှင်ဘာမှ အာမခံချက်မရှိဘဲ အိမ်ပြန်နေရတာ” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ပြီး ဆူးလေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သည့် ကိုစိုးဝင်းက ဆိုသည်။

ထိုသို့သော အချက်များအပြင် ယာဉ်လိုင်းအချင်းချင်း ယာဉ်ကျော်တက်ရာမှ စကားများကာ အပြန်အလှန် ရိုက်နှက်ရန်ဖြစ်မှုများ၊ လမ်းသွားလမ်းလာများနှင့် စကားများရိုက်နှက်မှုများလည်း ရှိနေကြောင်း သိရသည်။

ဇန်န၀ါရီလ ညပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ ၁၀၅ ယာဉ်လိုင်းသည် မင်္ဂလာတောင်ညွန့်မြို့နယ် စာတိုက်မှတ်တိုင်အနီး အရောက်တွင် အောင်သိဒ္ဓိယာဉ်တစ်စီးမှ ယာဉ်နောက်လိုက်နှစ်ဦးနှင့် ဆဲဆို ရန်ဖြစ် ခဲ့ပြီး တုတ်ဖြင့် အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကာ ၁၀၅ ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့မှာ ခေါင်း၊ လည်ပင်း ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ခရီးသည်တွေက ယာဉ်စီးခ ပိုမိုကောက်ခံလို့ တိုင်ကြားလာရင် ဒဏ်ငွေဆောင်ခိုင်းတယ်။ ပြီးတော့ ယာဉ်လိုင်းကနေ ထုတ်ပယ်တဲ့အထိ အရေးယူတယ်။ ခရီးသည်တွေကိုရော တခြားယာဉ်တွေကိုပါ မချေမငံ ပြောဆိုဆက်ဆံ ရိုက်နှက်တာတွေကတော့ မောင်းနှင်သူနဲ့ ယာဉ်နောက်လိုက်တွေရဲ့ လောဘကြောင့်လို့ ထင်တယ်။ ယာဉ်ကြောတွေကလည်း ပိတ်ဆို့တဲ့အတွက် သူတို့ အခေါက်ရေကိုက်အောင် မတော် လောဘတွေနဲ့ မချေမငံ ပြောဆိုဆက်ဆံ ရိုက်နှက်မှုတွေ ဖြစ်ပွားလေ့ရှိတာ တွေ့ရတယ်” ဟု မထသ ဗဟို စည်းကမ်းထိန်းသိမ်းရေးဌာနမှ ဌာနမှူး  ဦးကာကျော်က မေ ၁၈ ရက်က ပြောကြားသည်။

အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း ခရီးသည်များအား ယဉ်ကျေးပျူငှာစွာ ပြောဆို ဆက်ဆံတတ်စေရန်အတွက် တစ်လလျှင်နှစ်ကြိမ် သင်တန်းပို့ချလျက်ရှိကြောင်း မထသ ဗဟိုစည်းကမ်း ထိန်းသိမ်းရေးဌာနမှ သိရသည်။

ယခုလ ၁ ရက်မှ ၁၇ ရက်အတွင်း မထသဗဟို စည်းကမ်းထိန်းသိမ်းရေးဌာနသို့ တိုင်ကြားမှုပေါင်း ၈၉ မှုရှိပြီး ယင်းအမှုများထဲတွင် ယာဉ်စီးခ ပိုမိုကောက်ခံမှု ၆၀၊ မချေမငံ ပြောဆိုဆက်ဆံမှု ၁၂ မှု၊ သတ်မှတ် လမ်း မမောင်းနှင်မှု သုံးမှု၊ မှတ်တိုင်မရပ်မှု ခြောက်မှု၊ ဂိတ်စဂိတ်ဆုံး မမောင်းမှု ရှစ်မှုတို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလဒုတိယပတ်အတွင်း၌ ယာဉ်တိုက်မှု ၈၃ မှုအထိ ဖြစ်ပွာပြီး ၂၄ ဦး သေဆုံးခဲ့ရကာ ယင်းယာဉ်တိုက်မှုများတွင် ယာဉ်မဆင်မခြင် မောင်းနှင်မှု ၄၀၊ လိုင်စင်မရှိဘဲ မောင်းနှင်မှု ၁၆ မှု၊ အရှိန်ပြင်းမောင်းနှင်မှု ၁၀ မှု၊ လမ်းကူးသူပေါ့ဆမှု ကိုးမှု၊ ခရီးသည်ပေါ့ဆမှု ခြောက်မှု၊ အနှေးယာဉ် နှစ်မှု တို့ ပါဝင်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မထသဗဟိုလက်အောက်တွင် ခရီးသည်တင်ယာဉ်လိုင်းပေါင်း ၂၉၇ လိုင်း ရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော်ခန့်ရှိကြောင်း သိရပြီး အမှန်တကယ် ပြေးဆွဲနေသည့် ယာဉ်အစီးရေမှာ ၄၀၀၀ ကျော်ခန့်သာရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment