Tuesday 19 May 2015

နေ့ဆိုင်းညဆိုင်းခွဲလုပ်ရသူများ ကျန်းမာရေးနှင့် မညီသော လူနေမှုပုံစံများ ဖြစ်လာနိုင်

နေ့ဆိုင်းညဆိုင်း ပြောင်းလဲလုပ်ကိုင်ရသူများ (သို့မဟုတ်) ပုံမှန်ညပိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အန္တရာယ် ပိုများလာစေသည့် အကြောင်းရင်းအချို့ဖြစ်သော ညံ့ဖျင်းသည့် စားသောက်ပုံနှင့် ကိုယ်လက် လှုပ်ရှားမှု အလွန်နည်းပါးခြင်းတို့ ဖြစ်လာနိုင်သည်ဟု လေ့လာမှုတစ်ခုက ဖော်ပြသည်။

နေ့ဆိုင်းညဆိုင်း ပြောင်းလဲလုပ်ရသော ဖင်လန်နိုင်ငံမှ လေကြောင်းလိုင်း အလုပ်သမားများနှင့်မြေပြင်တွင် ညဆိုင်းဆင်းရသော အလုပ်သမားများကို လေ့လာရာတွင် နေ့ပိုင်းအလုပ်လုပ်သူများ ထက် အဆီပို စားကြပြီး အသီးအရွက်နှင့် သစ်သီးများစားသုံးမှု ပိုနည်းကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ညအလုပ်သမားများသည် နှလုံးရောဂါ၊ ဇီဝဖြစ်စဉ် ပျက် ယွင်းမှုရောဂါနှင့် အမျိုးအစား(၂) ဆီးချိုရောဂါတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုများကြောင်း ယခင်လေ့လာမှုတစ်ခုက ဖော်ပြခဲ့ သည်။

နေ့ဆိုင်းညဆိုင်း ပြောင်းလဲလုပ်ကိုင်ရသော အမျိုးသားများ သည် အခြားလူများထက် ကယ်လိုရီ ပိုမို စားသုံးပြီး ကျန်းမာရေးနှင့်ညီသောအဆီကို ၁၂ ရာခိုင်နှုန်းခန့်သာ စားသောက်ကြကြောင်း သိရသည်။

ယင်းကဲ့သို့လုပ်ရသော အမျိုးသမီးများမှာ အခြားအမျိုးသမီး အလုပ်သမားများထက် ကိုယ်လက်လှုပ်ရှားမှု နည်းပါးသော လူနေမှု ပုံစံများပိုများကြကြောင်း သုတေသီများက ပြောသည်။

ယင်းအလုပ်သမားများ အဓိကသတိထားသင့်သောအချက်မှာ ပြင်းထန်သော ရောဂါများဖြစ်လာနိုင်သည့် အန္တရာယ်ပိုများခြင်း နှင့် ကျန်းမာရေးနှင့်ညီသော အစာအာဟာရများစားသုံးမှုက ယင်း အန္တရာယ်များကို လျော့ကျစေနိုင်သည်ဆိုခြင်းပင် ဖြစ်ကြောင်း သုတေသီများက ပြောသည်။

အလုပ်နေရာများတွင် အစားအစာရောင်းချသော နေရာများ၌ အလုပ်သမားများအတွက် ကျန်းမာရေးနှင့် ညီသော အစားအစာများ ကို ရောင်းချပေးသင့်ပြီး  ကျန်းမာရေးနှင့်ညီသော အစားအစာများအကြောင်း ပညာပေးသင့်သည်ဟု သုတေသီများက ပြော သည်။

—Ref: Reuters
7Day DAILY 

No comments:

Post a Comment