Tuesday 19 May 2015

မုတ်သုံလေအားကောင်းနေ၍ ပင်လယ်ပြင်တွင် လှိုင်းလေကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေ၍ ကမ်းရိုးတန်းချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင်နေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင်လယ်ပြင်တွင်လည်း လှိုင်းရောလေပါကြီးနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

‘‘ပင်လယ်မှာ မုတ်သုံလေအား အရမ်းကောင်းနေတယ်။ လေဖိအားနည်း ရပ်ဝန်းလည်း ဗြုန်းစားကြီး ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အချိန်ပြည့်စောင့်ကြည့်နေရတယ်။ ရခိုင်ပြည်နယ်မှာလည်း မိုးကြီးမယ့် သတိပေးချက်ထုတ်ထားသလို ပင်လယ်ပြင်သတိပေးချက်လည်း ထုတ်ထားတယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ သတင်းထုတ်ပြန်မှုများကိုကိုးကား၍ ဒေသတွင်းရာသီဥတု သတိပေး ချက်များ ထုတ်ပြန်ပေးနေသည့် Mm Weather Page ကလည်း မေလ ၁၈ ရက် မွန်းလွဲပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်ပြီး အရှေ့ဘက်သို့ ရွေ့လျားကာ မေလ ၁၉ ရက် နံနက်၌ ရခိုင်ကမ်းရိုးတန်း မြောက်ဘက်ကမ်းခြေအနီးသို့ ရောက်ရှိလာနိုင်ကြောင်း သတိပေးထားသည်။  ယင်းဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့နှင့်အနီးတစ်ဝိုက်၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်းအောက်ပိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် မိုးသက် လေပြင်းကျရောက် နိုင်ပြီး တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၄၀ မှ ၅၀ အထိ တိုက်ခတ်နိုင်သည်ဟု သတိပေးထားသည်။ မိုး/ဇလဌာနက မေလ ၁၉ ရက်အတွက် ခန့်မှန်း ချက်အနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် ကယား ပြည်နယ်မှလွဲ၍ ကျန်ဒေသများတွင် နေရာအနှံ့ မိုးရွာနိုင်ကာ  ရခိုင်ပြည်နယ်၌မူ နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကမ်းရိုးတန်းတစ်လျှောက်နှင့် ပင်လယ်ပြင်တွင်လည်း မိုးသက်လေပြင်းကျကာ တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်မှ မိုင် ၄၀ အထိရှိနိုင်ကြောင်း သတိပေးထားသည်။ မေလ ၁၈ ရက်က မြန်မာနိုင်ငံ ဒေသအနှံ့ နေရာကွက်၍ မိုးရွာခဲ့ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မိုးဦးလေဦးကျရောက်ချိန် သီးနှံများ မပျက်စီးမဆုံးရှုံးစေရန် အချိန်မီရိတ်သိမ်းပြီး အမိုးအကာများအောက် အချိန်မီထားရန် သတိပေး ချက် ထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေတွင်မြန်မာနိုင်ငံအောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ ဘင်္ဂလားပင်လယ်အော်မှ အနောက်တောင် မုတ်သုံလေ ဝင်ရောက်နေပြီဖြစ် ၍ ဒေသအနှံ့မိုးရွာနေကာ မေလ ၂၂ မှ ၂၄ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသဘက်မှ ကုန်းတွင်းမုန်တိုင်းတစ်လုံး ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း  အိန္ဒိယ နိုင်ငံ မိုးလေဝသဌာနက  သတင်းထုတ်ပြန်ထားသည်။

7Day DAILY 

No comments:

Post a Comment