Tuesday 19 May 2015

အရှေ့တောင်အာရှနိုင်ငံများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည့် ရေမျောဘင်္ဂါလီဒုက္ခသည်များ

အင်ဒိုနီးရှားနိုင်ငံတွင် ဘင်္ဂလီဒုက္ခသည်များအတွက် ယာယီစီစဉ်ပေးထားသော စခန်းတစ်ခုတွင် ဘင်္ဂလီ ဒုက္ခသည်များနှင့် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်
ပင်လယ်ထဲ ဦးတည်ရာမဲ့မျောပါနေသည့် ဘင်္ဂါလီရွှေ့ပြောင်းနေထိုင်သူများကိစ္စတွင် လက်ရှောင်နေမှု အပေါ် အရှေ့တောင်အာရှ နိုင်ငံများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြင်းထန်စွာ ဝေဖန်လိုက်သည်။

ယင်းရုံး၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗီဗီယန်တန်က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အာရုံစိုက် လာသည့် ဘင်္ဂါလီ ဒုက္ခသည်များကို ကယ်ဆယ်ရန် လုပ်ငန်းများ တိုးတက်လာမှု မရှိခြင်းသည် ဆိုးရွားသည့် လက္ခဏာတစ်ရပ်အဖြစ် ယူဆမိကြောင်း ဆိုသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ခွာလာသော ဘင်္ဂါလီရွှေ့ပြောင်းနေထိုင်သူများသည် အရည်အသွေးညံ့ဖျင်းသည့် လှေများပေါ် တွင် စွန့်စားလိုက်ပါကာ ပင်လယ်ပြင်ကို ကျော်ဖြတ်ပြီး အင်ဒိုနီးရှားနှင့် မလေးရှားတို့သို့ ဝင်ရောက် နိုင်ရန် ကြိုး စားကြသည်။ လတ်တ လောတွင် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်၌ မျောပါနေသည့် ဘင်္ဂါလီဒုက္ခသည် ထောင်နှင့် သောင်းနှင့်ချီရှိနေမည်ဟု ခန့် မှန်းရသည်။

‘‘ပင်လယ်ထဲမှာ ဒုက္ခကြုံနေတဲ့ လှေတွေနောက်ထပ် ရှာတွေ့နိုင်ဖို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။ ဒုက္ခ သည်တွေကို ကယ်ဆယ်ပြီး ကမ်းခြေကို တက်ရောက်ခွင့်ပေးဖို့ လိုပါတယ်။ ဒါပေမဲ့ကံမကောင်းတာက ဒီလုပ်ဆောင်မှုမျိုးအတွက် ဘယ်သူကမှ စိတ်ဝင်စားပုံမရတာပဲ’’ဟု တန်ကပြောကြားခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ အားလုံး သည် ဘင်္ဂါလီများကို မိမိတို့ ရေ ပိုင်နက်ထဲ ဝင်ရောက်ခွင့်ပြုရန် အခိုင်အမာ ငြင်းဆန်နေဆဲ ဖြစ် သည်။

အင်ဒိုနီးရှား အစိုးရ၏ ရပ်တည်မှုက အလွန်ပြတ်သားသည်။ ဘင်္ဂါလီများကို တင်ဆောင်လာသည့် သင်္ဘော များ ပင်လယ်ထဲတွင် တိမ်းမှောက်နစ်မြုပ်နေသည်ကို မျက်မြင်တွေ့ရှိသည့်တိုင် လုံးဝကယ်ဆယ်ကူညီခြင်း မပြုရန်အစိုးရက ၎င်းတို့၏ ငါးဖမ်းလှေများကို အသိပေးမှာကြားထား သည်။

‘‘သူတို့ကိုတွေ့ရင် ကျွန်တော်တို့နိုင်ငံက ငါးဖမ်းလှေတွေ အနေနဲ့ အစားအသောက်၊ လောင်စာဆီ၊ သောက် ရေတွေ ဝေမျှထောက်ပံ့ပေးဖို့ တိုက်တွန်းထားပါတယ်။ လိုအပ်ရင် သူတို့လှေ တွေကို ပြင်ပေးလိုက်ပါ။ ဒါပေမဲ့အင်ဒိုနီးရှား ကမ်းခြေကို  တရား

မဝင် ဆိုက်ကပ်လာတာမျိုးတော့ လုံးဝအဖြစ်မခံနိုင်ဘူး’’ဟု စစ်ဘက်ပြောရေးဆိုခွင့်ရ အရာရှိ ဖူယက်ဒ် ဘက်စ်ယားက ပြောကြားခဲ့သည်။ အာချေးမှ ရေလုပ် သားအချို့က ပင်လယ်ထဲတွင် ဒုက္ခသည်လှေများ နစ်မြုပ်နေ သည်ကို မြင်လျှင်ပင် မကူညီရန်အာဏာပိုင်များက မှာကြားထားကြောင်း ဘီဘီစီသို့ ပြောကြားခဲ့ သည်။

ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုတို့ကြောင့် နေရပ်ကို စွန့်စားကျောခိုင်းလာသည့် ဘင်္ဂါလီများ သည် အလုပ် အကိုင်နှင့် အခြေချနေထိုင်မှုအတွက် နယ်မြေသစ်များသို့ ရောက်ရှိမည်ဟု မျှော်လင့်ထားသော်လည်း သက်ဆိုင်ရာ နိုင်ငံအစိုးရ အသီးသီး၏ ပိတ်ပင်တားမြစ်မှုများကြောင့် ပင်လယ် ထဲတွင် တဝဲလည်လည် သောင်တင်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်က ရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် လှေတစ်စီးသည် ထိုင်းပိုင် ကျွန်းတစ်ကျွန်းတွင် သောင်တင်နေရာ အာဏာပိုင်များက လှေကို ညတွင်းချင်း ပြင်ဆင်ပေးပြီး လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်ရေတို့ ထောက်ပံ့ကာ ပင်လယ်ဘက် သို့ ပြန်လည် ထွက်ခွာစေခဲ့သည်။ ‘‘သူတို့ကိုယ်တိုင်ကလည်း ထိုင်းမှာ မနေချင်ပါဘူး။ ဒါကြောင့် အဓမ္မနှင်လွှတ် လိုက်တယ်လို့ တော့ ပြောလို့မရဘူး။ သူတို့ သွားချင်တဲ့ နိုင်ငံဘက်ကိုပဲ ထွက်ခွာသွားတာပါ’’ဟု ထိုင်း စစ်တပ် တာဝန်ရှိသူတစ်ဦးကဆိုသည်။ အဆိုပါ လှေသည် အင်ဒိုနီးရှားဘက်သို့ ခုတ်မောင်း သွားသော် လည်း အင် ဒိုနီးရှား ကမ်းခြေစောင့်တပ်က ကြားဖြတ်ဟန့်တားခဲ့သည်ဟု ယူဆရသည်။

အဆိုပါ လှေများပေါ် တက်ရောက်ခွင့်ရသည့် အနောက် နိုင်ငံမီဒီယာများက ဘင်္ဂါလီဒုက္ခသည်များ၏ ဆိုးရွားကျပ်တည်းစွာ ရှင်သန်နေထိုင်ရမှုများကို ထုတ်ဖော်ရေးသားခဲ့သည်။ ငတ်ပြတ်ခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ ကျန်းမာရေး ယိုယွင်းခြင်းများကြောင့် ရေလမ်းခရီးတွင် သေဆုံးခဲ့သူ အမြောက်အမြား ရှိနေကြောင်းလည်း ဆိုသည်။ ဘင်္ဂါလီများကို လက်ခံပေးရန် ငြင်းဆိုမှုအတွက် မြန်မာနိုင်ငံကို နိုင်ငံတ ကာက ပြစ်တင်ဝေဖန်မှုများ ရှိသော်လည်း မြန်မာအစိုးရက ယင်းအတွက် တာဝန်မရှိကြောင်း ယတိပြတ် ငြင်းဆိုထားသည်။

အင်ဒိုနီးရှားရှိ လန်ဆာမြို့သည် အက်ဒမန်ပင်လယ်ကို ကျော်ဖြတ်ပြီး လာရောက်သောင်တင်နေသည့် ဘင်္ဂါလီဒုက္ခသည်အများအပြားကို လက်ခံထားရာနေရာဖြစ်သည်။ ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ ကျော်သည် လန်ဆာရှိ ဒုက္ခသည်စခန်းတွင် ရှိနေသော်လည်း မိမိတို့မြို့တွင် ဒုက္ခသည်များကို စောင့် ရှောက်ပေးထားရန် လုံလောက်သော ဘဏ္ဍာရေး အခြေအနေမရှိကြောင်း ဆိပ်ကမ်းမြို့လေး၏ မြို့တော်ဝန် အူစမန်အဗ္ဗဒူလာက ဝန်ခံခဲ့သည်။

‘‘ခဏတစ်ဖြုတ်အတွက် ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ရေရှည်အတွက်ဆိုရင် ကျွန်တော်တို့ အကူအညီ တွေ လိုတယ်။ ချက်ချင်းကို လိုတယ်။ ကျွန်တော်တို့ရဲ့အစိုးရဆီက၊ နောက်ပြီး အင်န်ဂျီအို အဖွဲ့အစည်းတွေ ဆီကရော ပေါ့။ ကျွန်တော်တို့ဆီမှာ သောင်တင်နေတဲ့ ဘင်္ဂါလီတွေ အများကြီးရှိနေပါတယ်’’ဟု အဗ္ဗဒူလာ က ဘီဘီစီအား ပြောကြားခဲ့သည်။

လူ့အခွင့်အရေး အဖွဲ့များက ဘင်္ဂါလီများအနေဖြင့် ငြင်းဆန်၍ မရနိုင်သော ဖိအားများကြောင့် နေရပ်ကို စွန့်ခွာရန်မှလွဲပြီး ရွေးချယ်စရာ မရှိနိုင်ကြောင်း မှတ်ချက်ပြုကြသည်။ လွန်ခဲ့သည့် သုံးနှစ် အတွင်း ဘင်္ဂါလီ ဒုက္ခသည် တစ်သိန်းနှစ်သောင်းမျှ အက်ဒမန်ပင် လယ်ကို ကျော်ဖြတ်ပြီး အရှေ့ဘက်ဒေသသို့ ရေသစ်မြေ သစ် ရှာဖွေရန် စွန့်စားထွက်ခွာခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး တန်ကအရှေ့တောင် အာရှနိုင်ငံများ၏ အစိုးရများအနေဖြင့် ဘင်္ဂါလီများကိုကယ်တင်ရန် ပိုမိုအားထည့်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းနေဆဲဖြစ်သည်။

‘‘အချိန်က တဖြည်းဖြည်း နောက်ကျလာနေပြီ။ ဒီကိစ္စကိုအမြန်ဆုံး အဖြေရှာ ရှင်းလင်းဖို့ လိုလာပါပြီ’’ဟု ၎င်းက တိုက်တွန်းခဲ့သည်။ သို့သော်လည်း မည်သည့်နိုင်ငံကမျှ ၎င်း၏ စကားအတိုင်း အရေးယူ ဆောင် ရွက်မည့် အလားအလာ မရှိချေ။

မလေးရှားသည် ၎င်းတို့၏ အနောက်မြောက်ဘက် ကမ်းလွန်နယ်နိမိတ်ကို စောင့်ကြပ် ပိတ်ဆို့ထား လိုက်သည်။ ထိုင်းအစိုးရက ရေပိုင်နက်ထဲ ဝင်လာသည့် ဒုက္ခသည် ရေယာဉ်တိုင်းကို လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်ပေးပြီး စက်ပျက်နေလျှင် ပြင်ဆင်ပေးသော်လည်း အမြန်ဆုံး ပြန်လည် ထွက်ခွာရန် စေခိုင်းနေသည်။ လှေများပေါ်တွင် အလွန် ငတ်ပြတ်ပြီး ကျန်းမာရေးအခြေ အနေဆိုးသူများ ရှိနေသည့်တိုင် အင်ဒိုနီးရှားအာဏာပိုင်များက မိမိတို့မြေပေါ်သို့ ဘင်္ဂါလီများတက်ရောက်ရန် လုံးဝခွင့်မပြုနိုင် ဟု အခိုင်အမာ သဘောထား ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂက အရှေ့ တောင်အာရှနိုင်ငံများသည် ဘင်္ဂါလီဒုက္ခသည်များ အရေးတွင် ပင်ပေါင်ကစား သည့်နှယ် တစ် ဖက်နှင့် တစ်ဖက်အပြန်အလှန် ပုတ်ထုတ်နေကြောင်း စွပ်စွဲထားသည်။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အေနီဖာ အေမန်က အဆိုပါအရေးကိစ္စသည် နိုင်ငံတကာအတိုင်းအတာထိ ကြီးထွား မလာမီ မြန်မာအစိုးရနှင့် ဆွေးနွေးပြီး ညှိနှိုင်းအဖြေရှာလိုကြောင်း ပြောကြားခဲ့သည်။ မလေးရှားသည် လက်ရှိတွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည်။

‘‘ကျွန်တော်တို့မှာ ကိုယ့် နိုင်ငံရဲ့ လူမှုရေးနဲ့ လုံခြုံရေး ပြဿနာတွေ ရှိနှင့်ပြီးသားပါ။ အခုကိစ္စနဲ့ ပတ်သက် ပြီး မြန်မာအစိုးရက အဖြေတစ်ခု ကူညီရှာဖွေပေးဖို့ တောင်းဆို ဆွေးနွေးသွားပါ မယ်’’ဟု အေမန်က ဆိုသည်။

ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင် သူများအနေဖြင့် ကမ်းကပ်ခွင့် မရဘဲ ပင်လယ်ထဲတွင် သောင်တင် မျောပါ နေသလို အချို့သော အခြေအနေများတွင် လူမှောင်ခို သမားများက ၎င်းတို့ကို ဖမ်းဆီးပြီး မိသားစုထံမှ အကျပ်ကိုင် ငွေတောင်းခံမှုများနှင့်လည်း ကြုံနေရသည်။ ပြီးခဲ့သည့် သီတင်းပတ် ကုန်က လှေတစ်စီး ပေါ်တွင် လက်ကျန်စားနပ်ရိက္ခာကို အပြိုင်လုကြရာမှ အပြန်အလှန် သတ်ဖြတ်မှု များ ဖြစ်ပွားပြီး ဘင်္ဂါလီ ဒုက္ခသည်တစ်ရာကျော်ထိ သေဆုံးခဲ့ ကြောင်းလည်း သိရသည်။ အဆို ပါသင်္ဘောသည် ပင်လယ်ထဲတွင် နှစ်လကျော် မျောပါနေပြီးမှ အင်ဒိုနီးရှား အာဏာပိုင်များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် ဖိလစ်ပိုင်တစ်နိုင်ငံတည်းသာ လှေလူသား များဟု ခေါ်ဝေါ်လေ့ရှိသည့် ဘင်္ဂါ လီဒုက္ခ သည်များကို ကူညီပေးရန် စဉ်းစားနေကြောင်း အရိပ်အမြွက် ပြောဆိုမှု ရှိသေးသည်။ ဖိလစ်ပိုင်တရားရေး ဝန်ကြီး လိုင်လာဒီလီမာ က ‘‘နယ်မြေသစ် ရှာဖွေအခြေချဖို့ ကြိုးစားသူတွေဆီက စာရွက်စာတမ်း စုံစုံလင်လင်ပါလာဖို့ တော့ မျှော်လင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေ တွေက ကွဲပြားတဲ့ စံနှုန်းမျိုးနဲ့ ကိုင်တွယ်ဖြေရှင်းတာမျိုး ဖြစ်သင့်ပါတယ်’’ဟု ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည် ယခင်ကလည်း ရွှေပြောင်း အခြေချသူများကို လက်ခံ ပေးခဲ့သည့် အခြေအနေမျိုးရှိခဲ့ ဖူးသည်။

မည်သို့ပင်ဖြစ်စေ အက်ဒမန် ပင်လယ်ထဲ မျောပါနေသည့် ဘင်္ဂါလီဒုက္ခသည် အမြောက်အ မြားအတွက် လက်ရှိအချိန်ထိ မှန်ကန်သင့်တော်သော ဖြေရှင်းမှုမျိုး ရှာမတွေ့သေးဟု ဆိုရမည် ဖြစ်သည်။

‘‘အက်ဒမန် ပင်လယ်ဟာအခုဆိုရင် လူတွေ အစုလိုက်အပြုံ လိုက် သေကြတဲ့ ရေပေါ်သင်္ချိုင်း ကြီးတစ်ခုလို ဖြစ်လာပါပြီ’’ဟု အမေရိကန်မှ လူ့အခွင့်အရေး စောင့်ကြည့်လှုပ်ရှားသူ အက်ဒွပ်သွမ်တန်က ပြောကြားသွား သည်။        

Ref: BBC, CNN

No comments:

Post a Comment