Tuesday 19 May 2015

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာသုံးခုက ဇွန် ၁ ရက်မှစ၍ ငွေဖြည့်ကတ်သုံးစွဲမှုအပေါ် ငါးရာခိုင်နှုန်း အခွန်ကောက်ခံမည်

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ သုံးခုဖြစ်သော MPT၊ တယ်လီနော၊ အူရီဒူးတို့က ၂၀၁၅ ဇွန် ၁ ရက်မှ စတင်ကာ ငွေဖြည့်ကတ်သုံးစွဲမှုအပေါ် ငါးရာခိုင်နှုန်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၅/၂၀၁၆ ပြည်ထောင်စုအခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ထည့်သွင်းကောက်ခံ မည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား ဖုန်းအော်ပရေတာများက သုံးစွဲသူများထံမှ ကောက်ခံကာ အစိုးရသို့ ပေးသွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု လွှတ်တော်သည် ၂၀၁၅/၂၀၁၆ ပြည်ထောင်စု အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကို ၂၀၁၅ ဧပြီ ၁ ရက် ရက်စွဲဖြင့် ပြင်ဆင်ပြဋ္ဌာန်း လိုက်ကြောင်းသိရပြီး ဥပဒေအသစ်မှာ ၂၀၁၅ ဇွန် ၁ ရက်တွင် စတင်အကျုံးဝင်ကြောင်း သိရသည်။

ထို့ကြောင့် ငွေဖြည့်ကတ်ကျပ် ၁၀၀၀ ဖြည့်သွင်းပါက အခွန် ၄၈ ကျပ် ကျသင့်မည်ဖြစ်ပြီး ၉၅၂ ကျပ်သာ သုံးစွဲခွင့် ရမည်ဟု သိရသည်။ ထို့ အတူ ကျပ် ၃၀၀၀ ဖြည့်ပါက အခွန်မှာ ၁၄၃ ကျပ် ကျသင့်ပြီး ၂၈၅၇ ကျပ်သာ သုံးစွဲခွင့်ရမည်ဖြစ်သည်။ ငွေကျပ် ၅၀၀၀ ဖြည့်သွင်းပါက အခွန် ၂၃၈ ကျပ် ကျသင့်ကာ ၄၇၆၂ ကျပ်သုံးစွဲခွင့် ရမည်ဖြစ်ပြီး ငွေကျပ် ၁၀၀၀၀ ဖြည့်သွင်းပါက အခွန် ၄၇၆ ကျပ်ကျသင့်ကာ ၉၅၂၄ ကျပ်သာ သုံးစွဲခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်ကတည်းက ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် နောက်ပိုင်းတွင် ငွေဖြည့်ကတ်အပေါ် အခွန်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အော်ပရေတာများက စိုက်ထုတ်ဆောင်ထား ပေးခြင်းဖြစ် ကြောင်း ပြောကြားခဲ့ဖူးသည်။

သုံးစွဲသူအများစုကမူ ငွေဖြည့်ကတ်အပေါ် အခွန်ဆောင်လိုခြင်းမရှိဘဲ ဈေးကွက်အတွင်း၌လည်း ကျပ် ၁၀၀၀ တန်ငွေဖြည့်ကတ်သာ အရောင်းရဆုံးဖြစ်နေကြောင်း အရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

၂၀၁၄ ခုနှစ် သြဂုတ်မှ ၂၀၁၅ ခုနှစ် ဧပြီလအတွင်း ဆက်သွယ်ရေး အော်ပရေတာသုံးခုက ဆင်းမ်ကတ် ပေါင်း ၁၈ သန်းကျော် ရောင်းချခဲ့ရကြောင်း သိရသည်။

လွတ်လပ်သော ဆက်သွယ်ရေး ကော်မရှင်တစ်ရပ်ကိုလည်း ယခုနှစ်မကုန်မီ ဖွဲ့စည်းသွားရန်ရှိနေကြောင်း သိရသည်။  

Eleven Media Group 

No comments:

Post a Comment