Tuesday 19 May 2015

ပြီးခဲ့သည့် နှစ် ၃၀ အတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်မြို့ လူဦးရေ ကျဆင်းသွားပြီး ဧရာဝတီတိုင်းတွင် အဆိုးရွားဆုံး ကျဆင်း

ဒလဘက်ကမ်းမှ ရန်ကုန်မြို့သို့ ကူးလာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် နှစ် ၃၀ အတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်မြို့များမှလွဲ၍ ကျန်ဒေသအားလုံးတွင် လူဦးရေ ကျဆင်းခဲ့ပြီး ဧရာဝတီတိုင်းမှာ လူဦးရေ အဆိုး ရွားဆုံး ကျဆင်းခဲ့ကြောင်း သန်းခေါင်စာရင်း အကြိုစာရင်းဇယားများကို ကိုးကား၍ UMFCCI ၏ တရားဝင် သုတေသနကုမ္ပဏီ New Crossroads Asia (NCRA) က ၎င်းတို့၏ ၂၀၁၅ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

သန်းခေါင်စာရင်း တွေ့ရှိချက်အရ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးတွင် မျှော်မှန်းထားသည့် လူဦး ရေထက် နှစ်သိန်း ကျဆင်းသွားကြောင်း သိရသည်။

ဧရာဝတီတိုင်း၏နောက်မှ လူဦးရေကျဆင်းမှု အများဆုံး ဒေသများမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့မှာ လူဦးရေ ၁၀၀၀၀၀ ကျော် ကျဆင်းသွားခဲ့သည်။

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် နေပြည်တော် တို့တွင်လည်း လူဦးရေအနည်းငယ် ကျဆင်းသွားခဲ့သည်။                                                 

မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်ကတည်းက သန်းခေါင်စာရင်း ကောက်ယူမှု မရှိတော့ဘဲ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၁၀ ရက်တွင် နှစ် ၃၀ အတွင်း ပထမဆုံးအဖြစ် ပြန်လည်ကောက်ယူခဲ့ခြင်း ဖြစ်သည်။ သန်းခေါင် စာရင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ၂၀၁၅ မေလအတွင်း ထုတ်ပြန် သွားဖွယ်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအကြို အချက်အလက်များ ပေါ်ထွက်လာရာတွင် ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာသူများ အံ့အားသင့်စရာ အချက်အလက်များ ပါဝင်လာခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် ယခင်က မြန်မာနိုင်ငံ၏ လူဦးရေကို သန်း ၆၀ ဟု ခန့်မှန်းထားရာ ယခုသန်းခေါင် စာရင်းတွင် ၅၁ ဒသမ ၅ သန်းသာ ရှိနေရာ လူဦးရေ ၉ ဒသမ ၅ သန်းအထိ ကျဆင်းသွားခြင်းဖြစ်သည်။

ထိုသို့ ကျဆင်းသွားရာတွင် ဧရာဝတီတိုင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်း နာဂစ် ဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရပြီးနောက်ပိုင်း ရွှေ့ပြောင်းနေထိုင်ရမှုများကြောင့် ဖြစ်နိုင်ဖွယ်ရှိနေကြောင်း NCRA က ထောက်ပြထားသည်။

မြန်မာနိုင်ငံမှ အခြားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများမှာ ငါးသန်းမှ ၁၀ သန်းအကြား ပမာဏရှိနိုင်ကြောင်း သိရသည်။

နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့အစည်း (IOM) က ခန့်မှန်းချက်အရ အိမ်နီးချင်းထိုင်းနိုင်ငံ တွင် မြန်မာလုပ်သားပေါင်း နှစ်သန်းမှ လေးသန်းအကြား၊ မလေးရှားနိုင်ငံတွင် ငါးသိန်းခန့်နှင့် စင်ကာပူ နိုင်ငံတွင် တစ်သိန်းဝန်းကျင်ခန့် ရှိနေနိုင်ကြောင်း ခန့်မှန်းထားသည်။

တစ်နိုင်ငံလုံး လူဦးရေနှင့်ပတ်သက်ပြီး သန်းခေါင်စာရင်းတွေ့ရှိချက်မှာ ၉ ဒသမ ၅ သန်းခန့် ပိုနည်းခဲ့ သော်လည်း အိမ်ထောင်စု အရေအတွက်မှာ ခန့်မှန်းချက်နှင့် နီးစပ်မှန်ကန်ခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရက အိမ်ထောင်စု အရေအတွက်ကို ၉ သန်းမှ ၁၀ သန်းခန့် ခန့်မှန်းခဲ့ပြီး UNFPA က ၁၂ သန်း ခန့် ရှိမည်ဟု ခန့်မှန်းခဲ့ပြီး သန်းခေါင်စာရင်း ကောက်ယူချက်အရ မြန်မာ့အိမ်ထောင်စု အရေအတွက်မှာ ၁၀ ဒသမ ၈ သန်းရှိကြောင်း သိရသည်။

ထို့ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင် တွေ့ရှိရသကဲ့သို့ ကျား၊ မ ဦးရေ ကွာခြားချက် ကြီးမားနေခြင်းမရှိဘဲ ညီမျှကြောင်း သိရသည်။

သန်းခေါင်စာရင်း တွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ၁ ဒသမ ၇ သန်းသာ ပိုများလျက်ရှိသည်။

မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနိုင်ငံများတွင် လိင်ခွဲခြားကာ ကလေးဖျက်ချမှု၊ မွေး ကင်းစမိန်းကလေး သေဆုံးမှု၊ အမျိုးသမီးသေဆုံးမှု ပိုများခြင်းတို့ကြောင်း အမျိုးသားဦးရေက ပိုများလျက် ရှိနေသည်။   

ယခုထုတ်ပြန်မှုအရ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လူဦးရေကျဆင်းခြင်း မရှိသည်မှာ အဆိုပါ ပြည်နယ် များနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော တရုတ်နိုင်ငံအတွင်းမှ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်လာသူများကြောင့် ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းမှာမူ နာဂစ်လွန်ကာလ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ရွှေ့ပြောင်းအခြေချသူများကြောင့်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

သို့သော် အစီရင်ခံစာအရ လူဦးရေကျဆင်းသွားသည့် အထဲတွင် ရခိုင်ပြည်နယ် ပါဝင်သော်လည်း ဘင်္ဂလား ဒေ့ရှ်ဘက်မှ တရားမ၀င် ၀င်ရောက်လာသူများကြောင့် ယခင်ထက် လူဦးရေ တိုးပွားနိုင်ခြေရှိကြောင်း သုံး သပ်မှုများ ရှိနေသည်။     

Eleven Media Group 

No comments:

Post a Comment