Tuesday 19 May 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Yang Houlan အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။


ယင်းသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချစ်ကြည် ရင်းနှီးသည့် အိမ်နီးချင်းကောင်း နိုင်ငံဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားပါကြောင်း၊ လက်ရှိ လောက်ကိုင်ဒေသတွင် ဖြစ်ပွား နေသည့် တိုက်ပွဲဖြစ်စဉ်များမှာ ဖုန်ကြားရှင်၏ MNDAA သောင်းကျန်းသူများ အနေဖြင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ နှင့် မိမိတပ်ဌာနချုပ်များကို စတင်တိုက်ခိုက် လာခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ မေလ ၁၄ ရက် ညပိုင်းတွင် တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း အမြောက်ကျည် ၂ လုံး ၊ မေလ ၁၅ ရက် နံနက်ပိုင်းတွင် အမြောက်ကျည် ၄ လုံး ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မရိုးသားမှုများရှိပါကြောင်း၊ ရန်သူ့တောင် ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာ အနေအထား ၊ လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း အခြေအနေနှင့် အကွာအဝေးတို့အရ အဆွေတော်မှ အသိပေးအကြောင်းကြားလာသည့် နမ်စန်မြို့တွင်းသို့ ကျည်ကျရောက်မှုမှာ မိမိတပ်မတော် စစ်ကြောင်း များ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင် ပါကြောင်း၊ MNDAA သောင်းကျန်းသူများက နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ် အကြား ဆက်ဆံရေးထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်ပါကြောင်း၊ မေလ ၁၄ ရက်ညပိုင်းတွင် MNDAA သောင်းကျန်းသူများ နေရာယူထားသည့် ပွိုင့်-၂၀၇၁ တောင်ကုန်းမှ အဆွေ တော် နိုင်ငံ ဘက်သို့ လက်နက်ကြီး ပစ်ခတ်သံနှင့် မီးအလင်းတန်း များကို မိမိတပ်များမှ မျက်မြင် တွေ့ ရှိရသဖြင့် လင်ချန်း စစ်ဒေသ ဆက်ဆံရေးအရာရှိသို့ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ် အကြောင်း ကြား ခဲ့ကြောင်း၊ အလားတူ မေလ ၁၄ ရက်ညပိုင်း ဘီပီ-၁၁၃ နှင့် ဘီပီ-၁၁၅ ဘက်တို့တွင် တရုတ်နိုင်ငံ ဘက်ခြမ်း၌ အမြောက်ကျည် ၄၀ လုံး ထက်မနည်း ကျရောက် ပေါက်ကွဲခြင်းနှင့် ပတ်သက်၍လည်း မိမိတပ်များက ယင်းအချိန် တွင် ပစ်ခတ်တိုက်ခိုက်မှုမရှိ၍ မဖြစ်နိုင် ပါကြောင်း၊ ဖြစ်စဉ်နေရာများအား နှစ်ဘက်ကိုယ်စားလှယ်များနှင့် စစ်ဆေးရန် သဘောတူညီပါကြောင်းဖြင့် ဖြစ်စဉ်ဖြစ်ပွားသည့် နေရာများ အား မြေပုံနှင့်တကွ ရှင်းလင်း ပြောကြား သည်။

ဆက်လက်ပြီး သံအမတ်ကြီး H.E.Mr. Yang Houlan က တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေလိုပါကြောင်း ၊ MNDAA သောင်းကျန်းသူများ အနေဖြင့် နှစ်ဦးနှစ်ဘက်ကို ဒုက္ခပေး နေပါကြောင်း ၊ တရုတ်-မြန်မာ နယ်စပ်ဒေသ အမြန်တည်ငြိမ်အေးချမ်း စေလိုပါကြောင်း ၊ အင်တာနက် လူမှုကွန်ယက်များတွင် သတင်းများ လျင်မြန်စွာ ပျံ့နှံ့နေခြင်းမှာလည်း မိမိအစိုးရအပေါ် ဖိအားဖြစ်စေပါ ကြောင်း၊ နှစ်ဦးနှစ်ဘက် အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ယင်းဖိအား များကို လျော့ချ သွားမည် ဖြစ်ပါကြောင်း၊ နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး ထိန်းသိမ်းပေးစေလိုကြောင်း ပြန်လည် ဆွေးနွေးရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူမှုကွန်ယက်များတွင် တရုတ်နိုင်ငံ သတင်း ဌာနများ ၊ မြန်မာပြည်တွင်း သတင်းဌာနများသို့ အဓိက၀ါဒ ဖြန့်နေ သည်မှာ MNDAA သောင်းကျန်းသူ အဖွဲ့ပင် ဖြစ်ပါကြောင်း၊ မဟုတ်မမှန် ၀ါဒဖြန့် ခြင်းများကို မိမိတို့နှစ်ဦးနှစ်ဘက် ၀ိုင်းဝန်းထိန်းသိမ်း ကြပ်မတ် ရန် လိုအပ် ပါကြောင်း ၊ တိုက်ပွဲနေရာမှ ဆုတ်ခွာသွားသည့် MNDAA သောင်းကျန်းသူများ တရုတ်နိုင်ငံ အတွင်းမှ ဖြတ်သန်း သွားလာမှုမရှိရေး စစ်ဆေးကြပ်မတ် ပေးစေလိုကြောင်းနှင့် ကျည်ကျော်ကျရောက်မှု ထပ်မံမဖြစ်ပွားရေး ကြိုးစားဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Yang Houlan နှင့်အတူ စစ်သံမှူး Senior Colonel Wang Jinbo တို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment