Tuesday 19 May 2015

တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီးကျရောက်မှု တပ်မတော်၏ ပစ်ခတ်မှု လုံးဝမဟုတ်ကြောင်း တပ်ချုပ်ငြင်းဆို

ပြီးခဲ့သည့်ရက်က တရုတ် နိုင်ငံနယ်နိမိတ်အတွင်းသို့ လူထိ ခိုက်ဒဏ်ရာရမှုများဖြစ်စေခဲ့သည့် လက်နက် ကြီးကျည် ကျရောက် ပေါက်ကွဲမှုများသည် မြန်မာ့တပ်မတော်စစ်ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမဖြစ်နိုင် ကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၈ ရက်တွင် ငြင်းဆို လိုက်သည်။

မေလ ၁၈ ရက်က နေပြည်တော်တွင် မြန်မာ့တပ်မတော် အကြီးအကဲများနှင့် တရုတ်နိုင်ငံသံအမတ်ကြီး၊ တရုတ်စစ်သံမှူးတို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုကဲ့သို့ ငြင်းဆိုပြောကြားခဲ့ခြင်း ဖြစ် ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးကထုတ်ပြန်ခဲ့သည်။ ယခုတွေ့ဆုံမှုသည် မေလ ၁၅ ရက်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးကို ဘေဂျင်းမြို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူပြီး ကန့် ကွက်မှု၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး နိုင်ငံခြားဆက်ဆံရေးရုံးက ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ တရားဝင်စာဖြင့် ကန့်ကွက်မှုတို့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မေလ ၁၄ရက် ညက တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း အမြောက်ကျည်  နှစ်လုံး၊ မေလ၁၅ရက် နံနက်က အမြောက် ကျည် လေးလုံး ကျရောက်ပေါက် ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မရိုးသားမှုများရှိသည်ဟု တရုတ်သံအမတ်နှင့် အဖွဲ့ကို တပ်ချုပ်က မေလ ၁၈ ရက်တွင် ရှင်းပြခဲ့သည် ဟု ဆိုသည်။

‘‘ရန်သူ့တောင်ကုန်း၏ အနေအထား၊ မိမိတပ်များ၏ တိုက်ခိုက်မှု အရပ်မျက်နှာအနေအထား၊လက်နက်ကြီး ပစ်ခတ်မှုလမ်း ကြောင်း အခြေအနေနှင့် အကွာအ ဝေးတို့အရ အဆွေတော် အသိပေးအကြောင်းကြား လာသည့်နမ်စန်မြို့တွင်းသို့ ကျည်ကျရောက်မှုမှာ မိမိတပ်မတော်စစ် ကြောင်းများ၏ ပစ်ခတ်မှု လုံးဝ မဖြစ်နိုင်ပါကြောင်း’’ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က နှစ်နိုင်ငံ နှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးထိခိုက် စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု တပ်ချုပ်ကဆိုသည်။ မေလ ၁၄ရက် ညက MNDAA နေရာယူထားသော ပွိုင့်(၂၀၇၁) တောင်ကုန်းမှနေ၍ တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးပစ်ခတ်သံနှင့် မီးအလင်းတန်းများကို တပ်မတော်ကမျက်မြင် တွေ့ရှိ သဖြင့် လင်ချန်းစစ်ဒေသ ဆက်ဆံရေးအရာရှိသို့ ဆက်သွယ်အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ ထို့အတူ မေလ ၁၄ ရက်ညပိုင်းဘီပီ -၁၁၃နှင့် ဘီပီ -၁၁၅ တရုတ်နိုင်ငံဘက်ခြမ်း၌ အမြောက်ကျည် အလုံး ၄၀ ထက်မနည်း ကျရောက်ပေါက်ကွဲခြင်းနှင့်ပတ်သက်၍ ယင်းအချိန်က တပ်မတော်အနေဖြင့် ပစ်ခတ် တိုက်ခိုက်မှု မရှိ၍ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ဖြစ်စဉ်နေရာများကို နှစ်ဖက်ကိုယ်စားလှယ်များနှင့် စစ်ဆေးရန် သဘောတူညီကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီး များပါဝင်သည့် မြန်မာ့တပ်မတော်ကို တရုတ်သံအမတ် ယန်ဟို့လန်ကပြန်လည် ဆွေးနွေးရာတွင် တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေလိုဘဲ  တရုတ်-မြန်မာ နယ်စပ်ဒေသ အမြန်တည်ငြိမ်အေးချမ်းစေလို သဖြင့် နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး ထိန်းသိမ်းပေးစေ လိုကြောင်း ဆွေးနွေး သည်ဟုဆိုသည်။

MNDAA အဖွဲ့ဝင်များ တရုတ်နိုင်ငံအတွင်းမှ ဖြတ်သန်းသွားလာမှုမရှိရေး စစ်ဆေးကြပ်မတ်စေလိုကြောင်း တပ်မတော်က တရုတ်အစိုးရထံ တောင်းဆိုခဲ့သည်။ထို့နောက် ကျည်ကျော်ကျရောက်မှု ထပ်မံမဖြစ်ပွားရန် ကြိုးစား ဆောင်ရွက်ပေးမည်ဟုလည်း တပ်မတော်ဘက်က ကတိပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌တွေ့ရ သည်။ မေလ ၁၄ ရက်ညက မြန်မာနိုင်ငံဘက်မှပစ်လွှတ်သည့် လက်နက်ကြီး ကျည်နှစ်ခု တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အတွင်းရှိ လူဦးရေထူထပ်သော ဝမ်မင်းကျေးရွာထဲသို့ ကျရောက်ခဲ့ပြီး တရုတ်ရွာသား ငါးဦး ဒဏ်ရာရရှိခဲ့ကာ ယင်းအနက် နှစ်ဦးမှာစိုးရိမ်ရသည့်အခြေအနေတွင်ရှိ ကြောင်း၊ တရုတ်နိုင်ငံပိုင် သတင်းဌာနနှင့် အခြားသတင်းဌာနများ က ရေးသားခဲ့ကြသည်။

‘‘၁၄ ရက်နေ့ ညမှာဖြစ်ပြီး ၁၅ ရက်နေ့ မှာ ဘေဂျင်းမြို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ချုပ်က မြန်မာသံရုံး သံမှူးကြီးကို ခေါ်ယူပြီးဖြစ်ရပ်အခြေအနေ ပြော ကြားပြီး ကန့်ကွက်ပါတယ်။ အလားတူ ကူမင်း မြို့မှာရှိတဲ့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ယူ နန်ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး နိုင်ငံခြား ဆက်ဆံရေး ရုံးကလည်း တရားဝင်စာနဲ့ ကန့်ကွက်ပါတယ်။ ပျက်စီးမှုနဲ့ဒဏ်ရာရသူ တရုတ် တစ်ဦးနဲ့ မြန်မာ လေးဦး ထိခိုက်ဒဏ်ရာရကြောင်း အသိပေးပါတယ်။ ယင်းဖြစ်ရပ်အတွက် သင့်တော်မယ့် လျော်ကြေးပေးရန်၊ နောက်မဖြစ်စေရန် အဓိက ဖော်ပြထားပါတယ်။ လောလောဆယ် မြန်မာဘက်အနေနဲ့ ဖြစ်ရပ်ကို သေချာ ဂဏသိရဖို့နဲ့ နှစ်ဖက် စစ်ဆေးမှုတွေ လုပ်ပြီးမှပဲ လုပ်ဆောင်ရမယ့် ဆုံးဖြတ်ချက်ကို ချမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ရှည်လျားတဲ့ ဆက်ဆံရေးရှိသလို အရင်ကလည်း နှစ်ဖက်အကြား ပြဿနာရှိရင် တွေ့ဆုံပြီး တည်တည်ငြိမ်ငြိမ်ဖြေရှင်းဖို့ကြိုးစားနိုင်ခဲ့တဲ့ သာဓကများရှိလို့ အဲဒီအတိုင်းမြန်မာအနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က 7Day Daily အားဖြေကြားသည်။

တရုတ်နိုင်ငံ၏ ‘‘အလွန် စိတ်မကျေမနပ်ဖြစ်မှု’’ ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချောင်ယင်းက ထပ်တ လဲလဲ ပြောကြားနေပြီး ‘‘တတ်နိုင် သမျှအမြန်ဆုံး’’ နယ်စပ်ဒေသတည်ငြိမ်မှု ပြန်လည်တည် ဆောက်ရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

ယင်းအဖြစ်အပျက်မှာ နှစ်လအတွင်း ယူနန်ပြည်နယ် နယ်စပ်တစ်လျှောက် သေကျေဒဏ်ရာရမှုများ ဖြစ်စေ ခဲ့သည့် ဒုတိယမြောက်စစ်ရေးကျူးကျော်တိုက် ခိုက်မှုဖြစ်သည်ဟု တရုတ်သတင်းဌာန South China Morning Post က ဖော်ပြခဲ့သည်။

7Day DAILY 

No comments:

Post a Comment