Tuesday 19 May 2015

အီဂျစ်သမ္မတဟောင်းမော်စီနှင့် အပေါင်းအပါများ သေဒဏ်ချမှတ်ခံရမှု အီးယူနှင့်အမေရိကန်စိုးရိမ်

အီဂျစ်သမ္မတဟောင်းမော်စီနှင့် မွတ်စလင်ဘရားသားဟုဒ်အဖွဲ့ဝင်များအား တရားခွင်စစ်ဆေးမှုလုပ်စဉ် ကိုင်ရိုမြို့အပြင်ဘက်ရှိ တရားရုံးပြင်ပတွင် နေရာယူစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်များကို မေ ၁၆ ရက်က တွေ့ရစဉ် (Mohamed Abd El Ghany/reuters)
ရာထူးမှ ဖြုတ်ချခံထား ရသော အီဂျစ်သမ္မတ မိုဟာမက်မော်စီ၏ မွတ်စလင်ဘရားသား ဟုဒ်အဖွဲ့အပေါ် ပြတ်ပြတ်သားသား စစ်ကြေညာလိုက်ခြင်းဟု ကျွမ်းကျင်သူများက ပြောကြားသော ပြစ်ဒဏ်ချမှတ်မှုအဖြစ် ၎င်းနှင့်အတူ အခြားလူဒါဇင်ပေါင်းများစွာကို သေဒဏ်များချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ အမေရိကန်နှင့် ဥရောပက စိုးရိမ် ကြောင်း ပြောကြားသည်။

၂၀၁၁ ခုနှစ် ဆူပူအုံကြွမှုအတွင်း ကြီးကျယ်သော ထောင်ဖောက်မှုတွင် ပါဝင်ပတ်သက်ခြင်းအတွက် မေလ ၁၆ ရက်က သေဒဏ်ချမှတ်ခံရသည့် တရားခံ ၁၀၀ ကျော်၌ မော်စီလည်း ပါဝင်သည်။

ကြီးမားသော ဆန္ဒပြပွဲများဖြစ်ပွားကာ ထိုစဉ်ကစစ်ဘက်ဆိုင်ရာအကြီးအကဲဖြစ်ခဲ့သူ လက်ရှိသမ္မတ အယ်လ်စီစီသည် ၎င်းကို ဖြုတ်မချမီ မော်စီက တစ် နှစ်မျှသာ အာဏာရခဲ့သည်။

အချိန်ကြာမြင့်စွာ အုပ်ချုပ် ခဲ့သော အာဏာရှင်မူဘာရက်ကို ဆန့်ကျင်သည့် ၂၀၁၁ တော်လှန် ရေးအပြီး လူဦးရေအထူထပ်ဆုံး အာရပ်နိုင်ငံဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေးအခြေအနေ ပရမ်း ပတာဖြစ်ပွားမှု များကို စိတ်ကုန်နေကြသည့် အီဂျစ်နိုင်ငံသားများ ၏ ထောက်ခံမှုဖြင့် အယ်လ်စီစီ သည် ၂၀၁၄ မေလက သမ္မတအ ဖြစ် ရွေးကောက်ခံခဲ့ရသည်။

မေလ ၁၆ ရက် ပြစ်ဒဏ်ချ မှတ်မှုနှင့်ပတ်သက်၍ ၀ါရှင်တန်က စိုးရိမ်ကြောင်း သဘောထားဖော်ပြပြီး ဥရောပသမဂ္ဂထိပ်တန်း သံတမန်ဖက်ဒရီကာမိုဂါရီနီကလည်း ယင်းအမှုတွင် အမှားများပါဝင်နေကာ ပြစ်ဒဏ်အတွက် အယူခံဝင်ပါက ပြန်လည်ပယ်ဖျက်ပေးမည်ဟု အီးယူကယုံကြည်ကြောင်းပြောကြားသည်။

အယ်လ်စီစီလက်ထက်တွင်မော်စီ၏ အစ္စလာမ်မစ်ထောက်ခံသူများကိုနှိမ်နင်းပြီး ရာပေါင်းများစွာ သေဆုံးခဲ့ ကာ ထောင် ပေါင်းများစွာ အကျဉ်းချခံခဲ့ရ သည်။

အခြား ဒါဇင်ပေါင်းများစွာ မှာ သေဒဏ်ချမှတ်ခံခဲ့ရသည်။

ယင်းကဲ့သို့ တစ်ကမ္ဘာလုံး၏ ပြစ်တင်ရှုတ်ချမှုကို အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ဝေဖန်ပြီး အီဂျစ် ပြည်တွင်းရေးကိစ္စများတွင် လက်မခံနိုင်သော ကြားဝင် စွက်ဖက်မှုဖြစ်သည်ဟု ပြောကြားသည်။               

—Ref: AFP
7Day DAILY 

No comments:

Post a Comment