Tuesday 19 May 2015

ကိုလံဘီယာတွင် မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာ နိုင်ငံတွင် ဆိုးရွားသော မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ကိုလံဘီယာ အနောက်မြောက်ပိုင်း လျှိုမြောက်ထူထပ်ရာ ဒေသများတွင် မေလ ၁၈ ရက် နံနက် အရုဏ်မတက်မီ ဖြစ်ပွားသော မြေပြိုမှုများအတွင်း လူ ၅၂ ဦး အနည်းဆုံး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ ဆယ်လ်ဂါတွင် မြေပြိုမှုများ ဖြစ်ပွားရာ လူနေဧရိယာ အများအပြားသည် ရွှံ့နှင့်ရေများ ဖုံးလွှမ်းသွားကြောင်း သိရသည်။

 “ရွှံ့ရေတွေနဲ့ ရွှံ့ခဲတွေက ဝုန်းဒိုင်းကြဲပြီး စီးကျလာတာ။ စီးဆင်းတဲ့ လမ်းပေါ်မှာ ရှိသမျှ အားလုံး ဖုံးသွားတာပဲ”ဟု ဆယ်လ်ဂါ မြို့တော်ဝန် အိုလ်ဂါ အော့ဆိုရီယိုက ပြောကြားခဲ့သည်။ မြေပြိုမှုများ ဖြစ်ပွားချိန်တွင် ဒေသခံ အများစုမှာ အိပ်စက်နေကြဆဲသာ ရှိကြောင်းလည်း ၎င်းက ဆိုသည်။

 ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် မြေပြိုမှုများ ဖြစ်ပွားရာ နေရာများ၌ ရွှံ့ရေများ ဖုံးနေပြီး နေအိမ်များနှင့် သစ်ပင်များပါ ကျွတ်ထွက်ပြီး မျောပါနေသည်ကို တွေ့ရသည်။ သမ္မတ ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်သည် မြေပြိုမှု ဖြစ်ပွားရာ ဒေသများကို ဝေဟင်မှ စစ်ဆေးကြည့်ရှုပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“ဒါမျိုးအခြေအနေကို ဘယ်သူမှ မကြုံချင်ပါဘူး။ သေဆုံးသူတွေကို ကျွန်တော်တို့ ပြန်ခေါ်ပေးလို့ မရနိုင်တာကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ ဒီသဘာဝ ဘေးဆိုးကြီးကို ကျော်ဖြတ်ဖို့အတွက် သတ္တိနဲ့ ခွန်အား မွေးမြူဖို့ လိုပါပြီ”ဟု သမ္မတက ပြောကြားခဲ့သည်။ ဖြစ်ရပ်ဆိုးအတွင်း ကလေးငယ်အချို့ မိဘမဲ့ ဖြစ်သွားရာ ကိုလံဘီယာ မိသားစု စောင့်ရှောက်ရေး ဌာနသို့ ပို့ဆောင် အပ်နှံပေးမည်ဟုလည်း သမ္မတက ကတိပြုခဲ့သည်။

ထို့အပြင် ထိခိုက်ခံစားခဲ့ရသည့် မိသားစု ၃၀ ကျော်အတွက် ဒေါ်လာ ၇၀၀၀ စီ ထောက်ပံ့ပေးပြီး နောက်ထပ် အလားတူ သဘာဝဘေးဆိုးမျိုး မကြုံရစေရန် အခြေခံ အဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟုလည်း ဆန်းတို့စ်က ဆိုသည်။

လတ်တလောတွင် သဘာဝဘေးအန္တရာယ်သင့် ဒေသသို့ ကယ်ဆယ်ရေးအဖွဲ့များ တိုးမြှင့်စေလွှတ်ထားသလို လေ့ကျင့်ပေးထားသည့် ခွေးများနှင့် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များပါ ပေးပို့ထားကြောင်း ကိုလံဘီယာ ကြက်ခြေနီအသင်း ပြောရေးဆိုခွင့်ရ အမျိုးသမီး အန်နာ ကာရိုလိုင်နာ ဂူတီရက်ဇ်က ပြောကြားသွားသည်။

အဆိုပါ ဒေသတွင် နေ့စဉ်ရက်ဆက် သည်းထန်စွာ မိုးရွာခဲ့ပြီးနောက် မြေသားပျော့လာပြီး ယခုကဲ့သို့ မြေပြိုမှုများ ဖြစ်ခဲ့ခြင်းဟုလည်း သိရှိရသည်။

_Ref: CNA

No comments:

Post a Comment