Tuesday 19 May 2015

လေပြင်းကြောင့် မြင်းခြံမြို့နယ် ကျေးရွာအချို့တွင် နေအိမ်၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံ အချို့ပျက်စီး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ ကျေးရွာအချို့ တွင် မေလ ၁၇ ရက်ညက လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်၊ စာသင်ကျောင်းနှင့် သာသနိက အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း မြင်းခြံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

လေပြင်းကြောင့် မြင်းခြံမြို့ နယ်ရှိ နဘူးအိုင်၊ ရွှေဘုံသာ၊ ပေတော၊ မြင်သာ၊ကန်ချော  စသည့် ကျေးရွာ များမှ နေအိမ်အချို့နှင့် ကျေးရွာစာသင်ကျောင်းများ အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်ဟု မြင်းခြံ မြို့နယ် အုပ်ချုပ်ရေးမှူးကပြောသည်။

လေပြင်းကြောင့် စာသင်ကျောင်းများနှင့် လူနေအိမ်များ အမိုးပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက် ဒဏ်ရာရမှု မရှိကြောင်း    ၎င်းကပြော သည်။

လက်ရှိအချိန်တွင် ပျက်စီးသွားသည့်   စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရန်နှင့် နေအိမ်ပျက်စီးသူများ အတွက် အကူအညီများပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြထားပြီး ဆုံးရှုံးမှုတန်ဖိုးကို   မသိရသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး က ဆိုသည်။

မေလ ၁၇ ရက်ညက မြင်း ခြံမြို့နယ်အတွင်း တိုက်ခတ်သွား သော လေမှာ လေပြင်းမဟုတ်ဘဲ လေဆင်နှာမောင်းဖြစ်ကြောင်း  မြင်းခြံဒေသခံအချို့ကပြောသည်။ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများပြီး ရွှေဘုံသာကျေးရွာတစ်ရွာတည်းတွင်ပင် စေတီနှစ်ဆူ အပါအ၀င်  စာသင်ကျောင်းနှင့် လူနေအိမ် ၅၀ ခန့် ပျက်စီးဆုံးရှုံးသွားသည်  ဟု ဒေသခံများက ပြောသည်။

မေလ ၁၇ ရက် ညနေ ၄ နာ ရီခန့်ကတည်းက မြင်းခြံမြို့နယ် ရွှေဘုံသာကျေးရွာတွင် လေဆင် နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ မယ်လုပ်မစေတီနှင့်ရှစ် ရက်စေတီနှစ်ဆူထီးတော်များမြေခခဲ့ကာ မူလတန်းစာသင်ကျောင်း အပါအ၀င် လူနေအိမ် အလုံး ၅၀ ခန့် ပျက်စီးသွားကြောင်း ရွှေဘုံ သာကျေးရွာမှ ကိုကျော်ဆန်းက ပြောသည်။

‘‘အိမ်ခြောက်လုံးကတော့ အကုန်ပျက်စီးသွားတယ်။ အမိုး လန်တာတွေရောဆို မနည်းဘူး။ ၅၀ လောက် ရှိတယ်။ နွားတဲတွေ၊ နွာစာတင်တဲ့တဲတွေလည်း ပျက် စီးသွားတယ်။ ထီးတော်တွေ မြေ ခတဲ့စေတီတွေက ရှေးဟောင်းစေ တီတွေပါ။ လူကြီးတွေကတော့ ပျက်စီးသွားတဲ့ အိမ်တွေကို စာ ရင်းကောက်သွားပါတယ်’’   ဟု ကိုကျော်ဆန်းက ပြောသည်။

မေလ ၈ ရက်ညကလည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင် လူနေအိမ်၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများ ပြိုကျပျက်စီး မှုများဖြစ် ပေါ်ခဲ့သည်။

7Day DAILY 

No comments:

Post a Comment