Tuesday 19 May 2015

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အစွမ်းကုန် ဆောင်ရွက်ပေးမည်ဟု သမ္မတပြောကြား

နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံနှုတ်ဆက်နေသော သမ္မတဦးသိန်းစိန်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အဓိကကျသောကြောင့် သန့်ရှင်းလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေး   အစိုးရအဖွဲ့က အုပ်ချုပ်ရေးနည်းလမ်းဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကတိပြုပြောကြားသည်။

‘‘နိုင်ငံရေးပါတီအားလုံး ၀င်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲဖြစ်ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒအမှန် တွေကို ထင်ဟပ်မယ့် ရွေးကောက်ပွဲများဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့အနေနဲ့လည်း သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲများဖြစ်ရေးအတွက် အုပ်ချုပ်ရေးနည်းလမ်း ကနေ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာအတွင်းက အစွမ်းကုန်ကြိုးပမ်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု မေလ ၁၈ ရက်က ရန်ကုန်မြို့ရှိ အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ သမ္မတက ပြောကြားခဲ့ခြင်းဖြစ် သည်။

ရွေးကောက်ပွဲမတိုင်မီ ကာလတွင် နိုင်ငံရေးတည်ငြိမ်မှုရှိရေး နှင့် ပြည်သူ့ဆန္ဒများကို ထင်ဟပ်နိုင်မည့် ရွေးကောက်ပွဲရလဒ်မှ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများအား သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။

မေလ ၁၈ ရက်က ပြုလုပ်သော နိုင်ငံရေးပါတီများနှင့်တွေ့ ဆုံပွဲတွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦး တင်အေးလည်းပါဝင်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည် မဟုတ်ကြောင်းနှင့် လက်ရှိကျင့်သုံးနေသော မဲများ သူအနိုင်ယူရွေးကောက်ပွဲစနစ်ဖြင့်သာ မဲဆန္ဒနယ်  အားလုံးကို ကျင်းပပေးမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌဦးတင်အေးက ပြော ကြားခဲ့သည်။

‘‘ဒီနေရာမှာ လွှတ်တော်က မကြေညာပေမယ့်လည်း ကျွန်တော်က ပြောသင့်ပြောထိုက်တဲ့ အတွက်ပြော ပါ့မယ်။ ပြည်သူ့ လွှတ် တော်ရော၊အမျိုးသားလွှတ် တော်ရော၊ တိုင်းဒေသကြီးနဲ့ပြည် နယ်လွှတ်တော်ရော ကျွန်တော်ရဲ့ ရွေးကောက်ပွဲစနစ်က FPTP (First past the post-မဲများသူအနိုင်ယူစနစ်) ပဲဖြစ်ပါ တယ်’’ဟု ဦးတင်အေးက ပြောသည်။ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အနည်းဆုံး ရက်ပေါင်း ၉၀၊ အများဆုံး လေးလကြိုတင်ကာ ကြေညာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့် ရက်မတိုင်မီ အနည်းဆုံး ၁၅ ရက်ကြိုတင်ကာ မဲဆန္ဒနယ်များ သို့ အသိပေးမည်ဖြစ်ကြောင်း ဦးတင်အေးကဆိုသည်။

၂၀၁၅   အထွေထွေရွေး ကောက်ပွဲကို ယခုနှစ်အောက်တိုဘာကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲကာလသည် လုံခြုံရေးအရေးကြီးသဖြင့် လုံခြုံမှု ရှိစေရန် အပြည့်အ၀ဆောင်ရွက်ပေးစေလိုကြောင်းနှင့် လုံခြုံရေးမတည်ငြိမ်သော နေရာများတွင် ရွေးကောက်ပွဲကျင်းပရန် ရှိ၊မရှိ  နိုင်ငံရေးပါ တီများအား အသိပေးရန် ဆွေး နွေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ နိုင်ငံတော် သမ္မ တနှင့်နိုင်ငံရေး ပါတီများတွေ့ဆုံမှုသည် ပြည်သူများနှင့် တွေ့ဆုံမှုဖြစ်သည့်အတွက် ကြိုဆိုကြောင်းသာ ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲသည် ညနေ ၄ နာရီမှစတင်ခဲ့ကာ လေးနာရီခန့် ကြာမြင့်ခဲ့ပြီး နိုင်ငံရေးပါတီ ၇၁ ပါတီမှ ကိုယ်စားလှယ် ၁၃၇ ဦး တက်ရောက်ခဲ့ကာ တစ်ပါတီလျှင် ငါးမိနစ်စီသာ ဆွေးနွေးတင်ပြမှုရရှိခဲ့သော် လည်း တက်ရောက် လာသော ပါတီအားလုံး ဆွေးနွေးခွင့်ရရှိခဲ့ခြင်းမရှိပေ။

7Day DAILY 

No comments:

Post a Comment