Tuesday 19 May 2015

ငြိမ်းချမ်းရေးကို ခုတုံးလုပ်ကာ RCSS/SSA အဖွဲ့မှ ဒေသခံများအား အတင်းအကြပ် စစ်သင်တန်း တက်ခိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော ဒေသခံ တိုင်းရင်းသားများ အား RCSS/SSA အဖွဲ့မှ မေ ၁၅ ရက်မှ စတင်ကာ အတင်းအကြပ် စစ်သင်တန်း တက်ခိုင်းလျက်ရှိကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါမြို့နယ်အတွင်းရှိ ၀မ်ဆစ်ကျေးရွာအုပ်စု၊ ဟိုက်ကွေ့ကျေးရွာအုပ်စု၊ နောင်လုံကျေးရွာအုပ်စုများမှ ရွာသား (၁၂၅) ဦးအား ယင်းအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းတက်ခိုင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“ တစ်ရွာကို ၅ ယောက်နှုန်းနဲ့ ဖမ်းခေါ်သွားတာ၊ ကျေးရွာအုပ်စု သုံးစုဆိုတော့ လူပေါင်း ၁၂၀ ကျော်လောက် ရှိတာပေါ့၊ အဲဒါ လွိုင်ဆပ်တောင်မှာ စစ်သင်တန်း တက်ခိုင်းနေတယ်၊ မကြာသေးဘူး၊ နှစ်ရက်လောက်ပဲ ရှိဦးမယ်” ဟု ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၂ ခုနှစ်က ငြိမ်းချမ်းရေးယူထားပြီးဖြစ်ရာ ယခုကဲ့သို့ ဒေသခံ ရွာသားများအား အတင်းအကြပ်ဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းနေခြင်းမှာ ငြိမ်းချမ်းရေး ကတိက၀တ် များကို ချိုးဖောက်ရာ ရောက်နေ ကြောင်း လင်းခေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ RCSS အဖွဲ့က အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီးသားလေ၊ ပြည်ထောင်စုအဆင့်တောင် လက်မှတ် ထိုးထားတာပါ၊ ပါးစပ်ပြောငြိမ်းချမ်းရေးတော့ မလုပ်သင့်ဘူးပေါ့ဗျာ၊ အခုလို တစ်နိုင်ငံလုံးအပစ်ရပ်ကိစ္စတွေ ဆွေးနွေးနေချိန်မှာ RCSS အဖွဲ့ရဲ့ လုပ်ရပ်က ငြိမ်းချမ်းရေး ကတိက၀တ်တွေအပေါ် မလေးစားရာ ကြတာ ပေါ့ ”ဟု ယင်းက ဆက်လက် ပြောကြား သွားသည်။

လင်းခေးမြို့နယ်အပါအ၀င် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်၊ ခိုလမ်မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်စန်မြို့နယ်၊ မိုင်းကိုင် မြို့နယ်၊ မိုင်းပွန်မြို့နယ်များ၌ နေထိုင်သော ဒေသခံများအား RCSS/SSA အဖွဲ့မှ နှစ်စဉ် ရှမ်း နှစ်သစ် ကူးပွဲတော်နှင့် ရှမ်းပြည်နယ်နေ့များအတွက်ဆိုကာ လွယ်တိုင်းလျှံသို့ ခေါ်ဆောင်ပြီး စစ်အင်အား ပြသလေ့ရှိကြောင်း သိရှိရပါသည်။

“ အခုစစ်သင်တန်းတက်ခိုင်းတဲ့ ရွာသားတွေထဲမှာ လွယ်တိုင်းလျှံကို ရှမ်းနှစ်သစ်ကူးပွဲတော် လိုက်ဖူးတဲ့ လူတွေ များတယ်၊ နှစ်သစ် ကူးပွဲတော် ကြိုဆိုဖို့ဆိုပြီး လွယ်တိုင်းလျှံကို ညာခေါ်တယ်၊ ဟိုရောက်ရင် စစ်သင်တန်း တက်ခိုင်းတယ်၊ ပြီးတော့ နာမည်စာရင်းကောက်ထားလိုက်တာ၊ အဲဒီနာမည်စာရင်းအတိုင်း ရွာတွေကို လိုက်လာပြီး ခေါ်တော့တာ၊ မတက်ချင်ဘဲ တက်နေရတာလေ၊ ဒီဝဋ်ကနေ ဘယ်တော့ ကျွတ်မလဲ မသိပါဘူး ” ဟု လင်းခေးမြို့ခံ ရှမ်းအမျိုးသမီး တစ်ဦးကပြော သည်။

အဆိုပါ သင်တန်းဖွင့်လှစ်သည့် နေရာတွင် သင်တန်းသားများနေထိုင်ရန် တဲ ၈ လုံးခန့် ဆောက်လုပ် ထားကြောင်း၊ သင်တန်းကာလမှာ ၁ လခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက အရည်အချင်း ပြည့်မီသူ ၂၅ ဦး ကို လွယ်တိုင်းလျှံဌာနချုပ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် ကျန်ရွာသားများကို သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် စေလွှတ်ပေးမည်ဟု ပြောကြားထားကြောင်း သင်တန်းတက်ရောက် နေသူများနှင့် ဆွေမျိုးတော်စပ်သူ မိသားစုဝင်အချို့၏ ပြောပြချက်အရ သိရသည်။

“ သင်တန်းဆင်းလို့ လွယ်တိုင်းလျှံပါသွားရင် ကျွန်မတို့ မိသားစုတော့ ဒုက္ခရောက်ပါပြီ၊ ကလေးတွေက ငယ်သေး တော့ ကျွန်မလည်း ဘာမှမလုပ်နိုင် မကိုင်နိုင်သေးဘူး၊ ကျွန်မယောက်ျားကိုပဲ အားကိုးနေရတာ၊ လွယ်တိုင်းလျှံ မပါလို့ ရွာပြန်လာ ရင်လည်း ဌာနဆိုင်ရာတွေက စစ်လားဆေးလားလုပ်ကြဦးမှာ၊ အခုလို သင်တန်းဖွင့်နေတုန်း သက်ဆိုင်ရာက သွားပြီး လက်ပူးလက်ကြပ်ရှင်လင်း ဖော်ထုတ်ပေးရင် အကောင်းဆုံး ပါပဲရှင် ” ဟု ၀မ်ဆစ်ကျေးရွာမှ အမည်မဖော်လိုသော တိုင်းရင်းသူတစ်ဦးက ပြောကြားသွားသည်။

စိုင်းကောင်းစံ
Shan News 

No comments:

Post a Comment