Tuesday 19 May 2015

မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းရန် မသင့်ဟု အတိုက်အခံ ထောက်ပြ

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ  အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို မေလ ၁၈ ရက်က အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရာ၌ လက်ရှိအချိန်မှာ ပြဋ္ဌာန်းရန် မသင့်ဟု ဆွေးနွေးမှုရှိသော်လည်း  မဖြစ်မနေ ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ဆွေးနွေးသူများလည်း ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက “လက်ထပ်ထိမ်းမြားခြင်း ဆိုတာ လူတစ်ဦး တစ်ယောက်ရဲ့ ပုဂ္ဂလိကနဲ့ဆိုင်တဲ့ အရေးကိစ္စ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်း ထိန်းချုပ် ကန့်သတ်၍ မရနိုင်သော မရစကောင်းသော ကိစ္စရပ်လည်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ဘဝကို ဥပဒေဘောင်တစ်ခု အတွင်းသို့ အတင်းအကျပ် သွတ်သွင်းခြင်းဟာ ဒီမိုကရေစီရဲ့ တန်ဖိုးကို လျော့ ကျစေနိုင်ပါတယ်” ဟု ဆွေးနွေးသည်။

ယနေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး ၄၉ ရက်မြောက်တွင် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့သည်။

မြန်မာဗုဒ္ဒဘာသာဝင် မိန်းမအထူးထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဥပဒေကို ခေတ်ကာလနဲ့ လျော်ညီအောင် ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်သင့်ပြီး အကယ်၍ အသစ် ရေးဆွဲမည် ဆိုပါက ဖွဲ့စည်းပုံအခြေခံပါ လူ့အခွင့်အရေးများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ ကြေညာချက်များနှင့် ကိုက်ညီအောင် ရေးဆွဲရန် လိုအပ်သည်ဟု ဆွေးနွေးပြီး ယခု ဥပဒေကို လက်ရှိ အခြေအနေတွင် အတည်မပြုသင့်သေးပါကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ကန့်ကွက် ဆွေးနွေးခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က  အဆိုပါဥပဒေသည် မြန်မာနိုင်ငံ က မဖြစ်မနေ ပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေကြမ်းတစ်ခု ဖြစ်သည့်အတွက် ထောက်ခံသည်ဟု လွှတ်တော်တွင် ဆွေးနွေးသည်။

“ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် အင်မတန်ကို အရေးကြီးပြီးတော့မှ အခု လက်ရှိ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ အရ ဘယ်သူ့ကိုမှ ထိခိုက်တာမပါဘဲနဲ့ ကိုယ့်အတွက်တင် ကိုယ်လုပ်ထားတာဖြစ်တယ်။ ကျန်တဲ့ ဘာသာတွေက သူ့ဟာနဲ့သူ အသီးသီး အကုန်လုံး စေ့စပ် သေချာအောင် လုပ်ထားပြီးသား။ ကျွန်မ တို့ ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက် ဘာမှမရှိဘဲနဲ့ကို ဒါမလုပ်သင့်ဘူး၊ ဒါလူ့အခွင့်ရေး ချိုးဖေါက်တယ် ဆိုပြီးတော့ အဲဒီလူ့အခွင့်အရေးက အကုန်လုံးကို ဇလုပ်တိုက်ပြီးတော့မှ တစ်ညီတည်းလုပ်လို့ မရဘူးဆိုတာကို ကျွန်မ ပြောချင်ပါတယ်” ဟု လွှတ်တော်တွင် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးသည်။

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းပါ ခေါင်းစဉ်ဖြစ်သည့် မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမအထူးထိမ်းမြားခြင်း အစား မြန်မာဗုဒ္ဒဘာသာဝင် အမျိုးသမီး အထူးထိမ်းမြားခြင်းဟု ပြင်ဆင်သင့်သည်ဟု လွှတ်တော် ကိုယ်စားလှယ်(၂)ဦးက အကြံပြု ထောက် ပြခဲ့သည်။

အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ငါးဦး၏ ဆွေးနွေးမှုများကို အမျိုးသား လွှတ်တော် ဥပဒေ ကြမ်းကော်မတီက ကြားနာရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆုံးဖြတ်ကြေညာခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment