Tuesday 19 May 2015

လွှတ်တော်က တာဝန်ပေးပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် သက်ဆိုင်ရာ ဥပဒေအတည်မပြုရသေးခြင်း၊ အချိန် မလုံလောက် တော့ခြင်း တို့ကြောင့် အခက်အခဲရှိနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မေ ၁၄ ရက်တွင် ပြောခဲ့သော်လည်း လွှတ်တော်က တာဝန်ပေးလာပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ ပေးပါမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မဇ္ဈိမကို ပြောသည်။

“Referendum ( ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ) လုပ်ပေးဖို့ အခက်အခဲရှိတယ်လို့ ဥက္ကဋ္ဌ ပြောထားတာမှန်ရင် ဒါဟာ အကြောင်းရှိလို့ပဲ ဖြစ်မယ်။ ဘယ်လို အခက်အခဲ ရှိ/မရှိ မသိတော့ ဖြေလို့မရတဲ့ မေးခွန်းဖြစ် နေတယ်။ Referendum law ကတော့ ဝှိုက်ကတ်ကိစ္စပဲ ပြင်ဆင်ဖို့ ကျန်တော့တယ် ဆိုတာ မှန်ပါတယ်။ ရွေးကောက်ပွဲဥပဒေ သုံးခုမှာ မဲပေးခွင့်ပြုထားတဲ့ ဝှိုက်ကတ်ကို ပြန်ဖြုတ်လိုက်ရင် Referendum law ပြင်ဆင်ဖို့လည်း တစ်ခါတည်း ပြီးသွားနိုင်တယ်ဆိုတာ မှန်ပါတယ်။

“ကျွန်တော့်အထင်တော့ မဲပေးပိုင်ခွင့်ကတော့ အားလုံးအတူတူပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဥပဒေပြဋ္ဌာန်းပြီးမှပဲ အတိအကျ ပြောနိုင်မှာပေါ့။ Right to vote ကတော့ အားလုံး equal ပဲ ဖြစ်လိမ့် မယ် လို့ ထင်ပါတယ်။ Referendum law ထွက်လာပြီဆိုရင်တော့ referendum law အရ တာဝန်ပေးတယ် ဆိုရင် ကျွန်တော်တို့ လုပ်ရမှာပါ” ဟု ၎င်းက ဖြေကြားသည်။

သို့ရာတွင် Referendum ပြုလုပ်ရသည့် အခြေအနေ အခင်းအကျင်းသို့ ရောက်ရှိလာရေးကမူ လွှတ်တော် က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ပေါ်တွင်လည်း မူတည်နေသည်ဟု ဦးဝင်းကိုက ထောက်ပြခဲ့သည်။

“တစ်ဘက်ကလည်း အခြေခံဥပဒေ မူကြမ်းကို ပြင်ဆင်မှု အပိုင်းကျတော့ လွှတ်တော်မှာ ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်ဦးမှာပေါ့။ တင်တဲ့အပေါ်မှာ ပုဒ်မ ဘယ်နှခု ပါလာပြီးတော့ ဘယ်နှခုကို ဆွေးနွေးပြီးတော့ ဘယ်နှခုကို အတည်ပြုတယ်ဆိုတဲ့ process (လုပ်ငန်းစဉ်)တွေက ရှိသေးတယ်ဗျ၊ ဒါကတော့ လွှတ်တော်ရဲ့ Process ဖြစ်တဲ့အတွက် ကျွန်တော်တို့ အသေးစိတ် မသိပါဘူး။ ဒီနေ့ ပြင်တာ က လွှတ်တော် သုံးရပ်အတွက် ရွေးကောက်ပွဲ ဥပဒေတွေပါ။ ဒီနေ့ ပြင်ဆင်ချက်အရ ဝှိုက်ကတ်ကိုင်သူတွေဟာ လွှတ်တော် သုံးရပ်စလုံးရဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိတော့ပါဘူး” ဟု ၎င်းက ဖြေကြားသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေတွင် ၀ှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်းမှာ အခြေခံဥပဒေနှင့် မညီဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခြင်းကြောင့် ထိုအချက်ကို ပြန်ပြင်ဆင်နိုင်ရေး၊ တစ်နည်း အားဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို အချိန်မီ အတည်ပြုနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေများတွင် ၀ှိုက်ကတ် ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ပြင်ဆင် အတည်ပြုဖို့ လိုအပ်လာသည်။ ထို့ ကြောင့် ထိုသို့ ပြင်ဆင်ထားသည့် လွှတ်တော် သုံးရပ်၏ ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်သည့် ဥပဒေကို ရွေးကောက်ပွဲကော်မရှင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ထိုအချက်ကို ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေသုံးရပ်ပါ ၀ှိုက်ကတ်တို့ မဲပေးခွင့်ကို ပယ်ဖျက် အတည်ပြုပြီးသည်နှင့် Referendum law ပြင်ဆင် အတည်ပြုခြင်းသည်လည်း အလိုအလျောက် မြန်ဆန်သွားမည်ဟု အမတ်တို့က မျှော်လင့်ထားကြသည်။

သို့ရာတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အရ အရေးကြီး ပုဒ်မများ Referendum law အဆင့်သို့  ရောက်ရှိလာရေးကမူ ယခု တစ်ကြိမ်သာတွေ့ပြီး ဆိုင်းငံ့နေသည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲများ၏ ရလဒ် ပေါ်တွင်သာ မူတည်နေသည်ဟုလည်း အမတ်တို့က သုံးသပ် ပြောဆိုလျက်ရှိသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment