Tuesday 19 May 2015

လားရှိုး-မူဆယ်သွားကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား TNLA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် နမ့်မွှေးကျေးရွာသို့ ဆက်သွယ်ထား သော ကားလမ်း ပေါ်ရှိ ကြားတစ်နေရာတွင် မေလ ၁၈ ရက်နေ့၌ TNLA အဖွဲ့မှ ယာဉ်များအား တားဆီး ကာ ဆက်ကြေးငွေများ လာရောက် ကောက်ခံသွားကြောင်း ယာဉ်မောင်းတစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖတ်ကာကျေးရွာနှင့် နမ့်မွှေးကျေးရွာ ကြား ကုန်းဆင်း တစ်နေရာတွင် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်များအားတားဆီး၍ ဆက်ကြေးများ ကောက်ခံခြင်းဖြစ်ကြောင်းနှင့် ငွေပေးမှသာ ယာဉ်များအား ဆက်လက်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

“ဟိုတစ်ခါကလည်း တောင်းသေးတယ်၊ ယခုလည်း လာသမျှကားတွေကို ရပ်ပြီးတော့ တောင်းနေတာပဲ၊ ဦးတို့က ၂၂ ဘီးယာဉ်ဆိုတော့ ၅ သိန်းပေးလိုက်ရတယ်၊ မပေးလို့ကလည်းမရ၊ သူတို့ဆီမှာကလည်း အင်အားက အများကြီးပဲ”ဟု ၂၂ ဘီးယာဉ်မောင်းတစ်ဦးကပြောသည်။ 

TNLA အဖွဲ့သည် လာရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းနေသော ၂၂ ဘီးယာဉ် တစ်စီးလျှင် ၅ သိန်းကျပ်၊ ၆ ဘီးယာဉ် တစ်စီးလျှင် ၂ သိန်းကျပ်၊ အငှားယာဉ်တစ်စီးလျှင် ၂၀၀၀၀ ကျပ်နှုန်း နှင့် ယခင်ကောက်ခံပြီးသော ကားများအား ၅၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မူဆယ်မြို့ခံ ယာဉ်မောင်း တစ်ဦးက ပြောသည်။

TNLA အဖွဲ့အနေဖြင့် ယခုလို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆက်ကြေးကောက်ခံနေခြင်းသည် နယ်မြေ တည်ငြိမ် အေးချမ်းရေးကို နှောင့်ယှက်ခြင်း၊ ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ရာရောက်ခြင်းနှင့် ဒေသတွင်း တိုင်းရင်းသားများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးမှာ စိုးရိမ်စရာအခြေအနေကို ဖြစ်ပေါ်စေကြောင်း ကွတ်ခိုင်မြို့ခံ ဆရာဝန်တစ်ဦးက ပြောကြားသွားသည်။

စိုင်းခွန်စစ်
Shan News 

No comments:

Post a Comment