Friday 20 March 2015

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုက်နာရန် ကျင့်ဝတ်များ ထုတ်ပြန်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ အစည်းများ လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct)ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်က ထုတ်ပြန်ကြောင်း ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ယင်းသို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ၏ ကျင့်ဝတ်များကို ထုတ်ပြန်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ကျင့်ဝတ်များကို သီးခြားစီ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့် အရပ်ဘက် အဖွဲ့အစည်းများသည် အာဏာပိုင်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအား လည်းကောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ပတ်သက်သော ပြဿနာများကို လည်းကောင်း၊ ဘက်လိုက်ခြင်းနှင့် ဦးစားပေးသော အသွင်အပြင်များ ထုတ်ဖော်ပြသခြင်း မပြရဟု သတ်မှတ်ထားပြီး ယင်းအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲတွင် တွေ့ရှိချက်များ၊ နည်းလမ်းများနှင့် အကြံပြုချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများသည် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ် တစ်လျှောက် နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထားခြင်း အပါအဝင် မြန်မာနိုင်ငံအစိုးရက ထုတ်ပြန် ထားသော နည်းဥပဒေများနှင့်အညီ ဗီဇာလျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုဗီဇာ ရက်သတ်မှတ် ချက်ထက် ကျော်လွန်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်ခြင်းမပြုရန် ကန့်သတ်ထားသည်။

အလားတူ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများ အနေနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ရွေးကောက်ပွဲ စီမံခန့်ခွဲသူနှင့် မဲဆန္ဒရှင်များ၏ တာဝန်နှင့် ရပိုင်ခွင့်ကို လွှမ်းမိုးသက်ရောက်စေသော လှုံ့ဆော်မှုများကို မပြုလုပ်ရန်နှင့် ရွေးကောက်ပွဲ၏ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန် ခြင်းနှင့် ရွေးကောက်ပွဲ အငြင်းပွားမှုများတွင် တာဝန်ရှိသူများ၏ အဆုံးအဖြတ်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ကန့်သတ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းများ လိုက်နာရမည့် ကျင့်ဝတ်များကို ပြည် တွင်း ပြည်ပ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆွေးနွေး ညှိနှိုင်းထားခြင်း ဖြစ်သော်လည်း အပြီးသတ်ရေးဆွဲမှုတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းသာ ရေးဆွဲခြင်းဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

အလားတူ နိုင်ငံရေးပါတီများ အချင်းချင်း စောင့်ကြည့်ရမည့် ကျင့်ဝတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ညှိနှိုင်းရေးဆွဲမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

The Voice Weekly 

No comments:

Post a Comment