Friday 20 March 2015

အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း

အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အသုံးပြုနိုင်ရေးအတွက် တင်သွင်းလိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။ ယင်းစနစ် ကျင့်သုံးနိုင်ရေးကို အကောင်အထည်ဖော်ရေး ကော်မရှင် ကိုယ်စား ကော်မရှင်ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက ယနေ့ကျင်းပသော အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ရန် အများစု ကိုယ်စားပြုနိုင်ခြင်း၊ အခက်အခဲနည်းခြင်း၊ တိုင်းနှင့် ပြည်နယ်များတွင် ပြည်သူ့ကိုယ်စား အချိုးကျစေရန် တူညီစွာ မဲပေးခွင့် ပိုမိုရှိစေခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင်အတွင်း ကျင့်သုံးနိုင်မည် ဖြစ်ကြောင်း ဦးဇော်မြင့်ဖေက ပြောကြားသည်။

အဆိုပါ ဥပဒေ ကျင့်သုံးရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အခြေခံဥပဒေနှင့် ညီမညီ ဆုံးဖြတ်ရန် ပလပ်ခဲ့ပြီး ဥပဒေကြမ်း ထွက်ရှိသည့် အချိန်မှသာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည် ဖြစ်ကြောင်း အကြောင်းကြားထားသောကြောင့် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ယင်းဥပဒေ ကျင့်သုံးရေးကို အစဉ်တစိုက် ကန့်ကွက်ခဲ့သော ဒေါက်တာအေးမောင်က ဆိုသည်။

ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ကျင့်သုံးရန် တင်ပြချက်ကို NLD ပါတီဝင် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အချို့က ကန့်ကွက်ခဲ့သော်လည်း ဆွေးနွေးရန် ထောက်ခံမဲ များသောကြောင့် လက်ခံဆွေးနွေးရန် အမည်စာရင်း တင်သွင်းရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်ပွဲ ဝင်ရောက်ရာတွင် PR စနစ် ကျင့်သုံးရေးကို NDF ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ၂၀၁၄ ခုနှစ် (၁၀) ကြိမ်မြောက် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကြံ့ခိုင်ရေး ကိုယ်စားလှယ်များ၏ ထောက်ခံချက်ဖြင့် အဆိုအတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းစနစ် ကျင့်သုံးရေးကို ပြည်သူ့လွှတ်တော်တွင် ယင်းပါတီဝင် ဦးအောင်ဇင်က တင်သွင်းခဲ့သော်လည်း အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ခုံရုံးက ပြည်သူ့လွှတ်တော်သို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပေးပို့ခဲ့သည်။

The Voice Weekly

No comments:

Post a Comment