Friday 20 March 2015

မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ (ဗဟို) တရားဝင် မှတ်ပုံတင်၍ ဖွဲ့စည်းမည်

မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ (ဗဟို) အား တရားဝင် မှတ်ပုံတင်၍ ဖွဲ့စည်းမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ ဖွဲ့စည်းရေး ကော်မတီ ထံမှ သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံ ဖြစ်ပြီး တိုင်းပြည်လူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့်မှာ တောင်သူ လယ်သမားများ ဖြစ်သည်။ သို့ သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် တောင်သူ လယ်သမားများ၏ ဘ၀သည် နိမ့်ကျနေခြင်း၊ ဖွံ့ဖြိုး တိုးတက်မှု နည်းနေခြင်း၊ ကာကွယ် စောင့်ရှောက်မှု နည်းပါးခြင်း၊ ဥပဒေ တစ်ရပ် အပြည့်အ၀ မပေါ်လွင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ ခြင်းများ ရှိနေသည့် အတွက် ယခုကဲ့သို့ ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း သိရ သည်။

တရားရုံးမှာ တရားရင်ဆိုင်ရ တာတွေ၊ လယ်ယာမြေ အသိမ်းအဆည်းခံရ တာတွေ၊ လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့  ဆိုတာက တောင်သူ လယ်သမားတွေကို ကိုယ်စားပြုတဲ့ သမဂ္ဂရှိမှ ဖြစ်မှာ။ အဲဒီသမဂ္ဂ ကလည်း စည်းလုံး ညီညွတ်စွာနဲ့ တောင်သူ လယ်သမားတွေ အတွက် အစိုးရ ကို တောင်းဆိုမယ်၊ ဖြေရှင်းပေးမယ် ဟု မြန်မာနိုင်ငံ တောင်သူ လယ်သမားသမဂ္ဂ (ဗဟို) ဖွဲ့စည်းရေး ကော်မတီ တာဝန်ခံ မစုစုနွေးက ပြောသည်။ အဆိုပါသမဂ္ဂ(ဗဟို) ဖွဲ့စည်းရေး အတွက် ကျေးရွာနှင့် မြို့နယ်များရှိ သမဂ္ဂ ကိုယ်စားလှယ်များမှာ မတ်လ (၂၂) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ပြီး၊ ယခုလ အတွင်း တရားဝင် မှတ်ပုံတင် သွားမည် ဖြစ်ကြောင်း သိရသည်။

အခုကတော့ ဒီသမဂ္ဂ (ဗဟို) အတွက် ဖွဲ့စည်းပုံဥပဒေကြမ်းကို အခန်း (၈) ခန်းနဲ့ အကြမ်းရေးဆွဲထားတယ်။ အဲဒီနေ့မှာ ဥပဒေ ပညာရှင်တွေနဲ့ လယ်သမား ခေါင်းဆောင်တွေက ဒါကို ပြန်ဆွေးနွေးမယ် ဟု မစုစုနွေးက ဆက်လက် ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ များအား ၂၀၁၄ ခုနှစ် နှစ်ကုန် အထိ ဖွဲ့စည်း ထားပြီး ဖြစ်ရာ အဖွဲ့ပေါင်း (၇၀) ကျော်ရှိကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment