Friday 20 March 2015

သင်္ကြန်ကာလ မှုခင်းဖြစ်ပွားမှု လျော့ကျစေရေး တစ်နိုင်ငံလုံးတွင် စီမံချက်ဖြင့် ဆောင်ရွက်မည်

လူငယ်အများစု အပျော်လွန်ကဲရာမှ ခိုက်ရန်ဖြစ်ပွားလေ့ ရှိနေရာ လာမည့် ၂၀၁၅ ခုနှစ် မဟာသင်္ကြန် ပွဲတော်တွင် မှုခင်း ဖြစ်ပွားမှု လျော့ကျစေရေး အတွက် တစ်နိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် သင်္ကြန်အကြိုကာလ မှုခင်း ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေး တို့အတွက် စီမံချက်ဖြင့် ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က ပြောကြားသည်။

ယင်းသို့ ပညာပေးဆွေးနွေးပွဲများ အဖြစ် အုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့က မတ်လ ၁၈ ရက်နေ့မှ စတင်ပြီး သင်္ကြန်ကာလ မတိုင်မီအထိ ပထမအဆင့်မြို့ပေါ်၊ ဒုတိယရပ်ကွက် ကျေးရွာအဆင့်ထိ ဆွေးနွေးပွဲများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“သင်္ကြန်ကာလမှာ ယာဉ်တိုက်မှုတွေ အများဆုံးဖြစ်ပွားတယ်။ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်း ကလည်း မူးယစ်သောက်စားမှုတွေ များလို့ ဖြစ်ကြတာ။ NGO, INGO အဖွဲ့အစည်းတွေကိုလည်း ဆွေးနွေး ဖို့ ဖိတ်ထားတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်မှ ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပညာပေးဆွေးနွေးပွဲတွင် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာအဖွဲ့က သင်္ကြန်ကာလ ဒေသန္တရ ထုတ်ပြန်ချက် များကို လိုက်နာရန်၊ ကာမစိတ်ကြွဆေး များ ရောင်းချခြင်း မပြုရန်တို့အပြင် နယ်မြေရဲ တပ်ဖွဲ့များ က သင်္ကြန်ကာလ အတွင်း ဖြစ်ပွားတတ်သည့် မှုခင်းများ အကြောင်း ရှင်းလင်းပြောကြားခြင်း၊ မူယစ် ရဲတပ်ဖွဲ့အနေနှင့် သုံးစွဲရောင်းချမှုနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့က ယာဉ် စည်းကမ်း လမ်းစည်းကမ်း၊ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးမှုများ စသည့် အကြောင်းအရာ များကို ပညာပေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

ကာမစိတ်ကြွဆေးများ ရောင်းချသည့် ဆိုင်များ လိုက်လံစစ်ဆေးဖမ်းဆီး မှုများ ပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင် က ထပ်လောင်းပြောကြားသည်။

“မူးယစ်ရမ်းကားမှုတွေ လျော့ကျစေဖို့အတွက် ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး လုပ်တယ်။ နှစ်စဉ်နှစ်တိုင်း လုပ်ပေမယ့် ဒီနှစ်မှာ စီမံချက်နဲ့လုပ်ဖို့ ညွှန်ကြားထားတယ်။ ဒီလိုမျိုး မှုခင်း ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်တဲ့ အတွက် မြို့နယ်မှာဆိုရင် မှုခင်းဖြစ်ပွားမှု လျော့ကျသွားမှုတွေ ရှိပါတယ်” ဟု အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေး မှူး ဦးစိုးမြင့်ဝင်းက ဆိုသည်။ 

ယင်းသို့ သင်္ကြန်အကြိုကာလ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာ ဟောပြော ပွဲများ ပြုလုပ်လျက်ရှိရာ မတ်လ ၁၈ ရက်နေ့တွင် မန္တလေးခရိုင် အောင်မြေသာစံ မြို့နယ်၊ မြင်းခြံမြို့နယ်နှင့် တံတားဦးမြို့နယ် တို့တွင် မူးယစ်ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများ အလွဲသုံးမှု ဆိုးကျိုးအန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ခေါင်းစဉ် တို့ဖြင့် ပြုလုပ် ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလ တစ်နိုင်ငံလုံးတွင် လူသတ်မှု ငါးမှု၊ မုဒိမ်းမှုသုံးမှု၊ ယာဉ်တိုက်မှု ၂၅ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၆၄ မှု၊ ဝတ္တရားနှောင့်ယှက်မှု နှစ်မှု၊ ကာယိနြေ္ဒ ဖျက်ဆီးမှုငါးမှု၊ လက်နက်မှု ၁၄ မှု၊ ခါးပိုက်နှိုက်/ခိုးမှု ၅၂ မှု၊ မူးယစ်ရမ်းကားမှု ၁၃ မှု၊ သေမှုသေခင်း ငါးမှု၊ အခြားအမှု ခြောက်မှုတို့ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment