Friday 20 March 2015

ပွင့်လင်း မြင်သာမှု မရှိသည့် မြန်မာ့ စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီး ကုမ္ပဏီ အများအပြား ပါဝင်

ပွင့်လင်း မြင်သာမှု မရှိသည့် မြန်မာ့စီးပွားရေး လုပ်ငန်းများတွင် နာမည်ကြီး ကုမ္ပဏီများ ဖြစ်သည့် Asia World ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် အပါအ၀င် ကုမ္ပဏီ အများအပြား ပါဝင် နေကြောင်း ယမန်နေ့က (MCRB) မြန်မာ့ စီးပွားရေး လုပ်ငန်းကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူ ဌာနမှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

မြန်မာ့ စီးပွားရေး လုပ်ငန်း ကဏ္ဍ ပွင့်လင်း မြင်သာမှု အစီရင်ခံစာကို ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး၊ ၁၉၈၈ မှ ၂၀၁၀ အတွင်း လည်ပတ် ခဲ့သည့် ကုမ္ပဏီများသည် အဂတိ လိုက်စားသည့် အလေ့အထနှင့် ခရိုနီဝါဒကို ကျင့်သုံးခဲ့ခြင်းကြောင့် ယခုကဲ့သို့ သုတေသန ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ အခွန်ပေးဆောင်သည့် ကုမ္ပဏီကြီး (၆၀) ကို သုတေသန ပြုလုပ်ရာမှ ကုမ္ပဏီ (၁၀) ခုသည် ၀က်ဘ်ဆိုက်ဒ်တွင် သတင်း အချက်အလက် တိကျစွာ ဖော်ပြခြင်း၊ ကုမ္ပဏီ (၂၅) ခုသည် ၀က်ဘ်ဆိုက်ဒ် လုံးဝ မရှိခြင်းနှင့် ကျန်ကုမ္ပဏီ များသည် သတင်း အချက်အလက်ကို အနည်းအကျဉ်းသာ ဖော်ပြ ထားကြောင်း တွေ့ရသည်။

ကုမ္ပဏီကြီးတွေ အနေနဲ့ ပွင့်လင်း မြင်သာမှုရှိမယ် ဆိုရင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ က ပိုမိုပါဝင်လာ မှာပါ။ ပွင့်လင်း မြင်သာမှု မရှိရင်တော့ ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပါ ဘူး။ တချို့ကုမ္ပဏီကြီးတွေက သတင်းမီဒီယာတွေမှာ ပါဝင်မှု အားနည်းပေမယ့်လည်း နိုင်ငံတကာက ဒီသတင်း ၀က်ဘ်ဆိုက်ဒ် ပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်ကြ တာပါ ဟု (MCRB) မှ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောသည်။

အစီရင်ခံစာတွင် ပါရှိပြီး  ပွင့်လင်းမြင်သာမှု မရှိသည့်  ကုမ္ပဏီ အချို့သည်  မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အရေးကြီးသည့် ကဏ္ဍမှ မပါဝင် သော်လည်း တချို့ကုမ္ပဏီ များမှာ မြန်မာနိုင်ငံ၏ အဓိက ကျသည့် စီးပွားရေး လုပ်ငန်းများတွင် လုပ်ကိုင်နေ ခြင်းကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ပွင့်လင်း မြင်သာမှု၊ လူ့အခွင့်အရေး လေးစား လိုက်နာမှု၊ အလုပ်သမား တို့၏ ကျန်းမာရေး လုံခြုံစိတ်ချမှု တို့သည် အရေးကြီး ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စီးပွားရေး လုပ်ငန်းတို့၏ သတင်းအချက်အလက် အပေါ် ပွင့်လင်း မြင်သာမှု လုံးဝ မရှိသည့် အပြင် လုပ်ငန်း ၀က်ဘ်ဆိုက်ဒ် မရှိသည့် ကုမ္ပဏီကြီးများ စာရင်းတွင် Asia World ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီ၊ Eden Group ၊ မြန်မာ့ သြဘာ အုပ်စု၊ Mg Weik and Family ၊ ဦးကြူ မိသားစု၊ ယုဇန ကုမ္ပဏီ၊ဇေကမ္ဘာ ကုမ္ပဏီ၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်တို့ အပါအ၀င် ကုမ္ပဏီ (၂၅) ခုရှိကြောင်း သိရသည်။

ပွင့်လင်း မြင်သာမှုရှိပြီး သက်ဆိုင်သည့် သတင်းအချက်အလက် အပြည့်အစုံကို ဖော်ပြသည့် စီးပွားရေး လုပ်ငန်းတွင် KBZ သည် နံပါတ် (၁) နေရာတွင် ရှိပြီး၊ ပါရမီစွမ်းအင် အုပ်စု၊ Max မြန်မာ၊ ရွှေတောင် ကုမ္ပဏီ၊ Smart ကုမ္ပဏီ အပါအ၀င် (၁၀) ခုရှိကြောင်း သိရသည်။ ၀က်ဘ်ဆိုက်ဒ်ရှိ သော်လည်း တခြား လူ့အခွင့်အရေး ဆိုင်ရာ ဖြေရှင်းပေးမှု ရှိမရှိ လုပ်ငန်းဆိုင်ရာ အချက်အလက် ပြည့်စုံစွာ တင်ပြမှု မရှိသည့် ကုမ္ပဏီများတွင် ထူးအုပ်စု၊ စူပါဝမ်း၊ လွယ်ဟိန်း ကုမ္ပဏီ၊ KMD အပါအ၀င် ကုမ္ပဏီ (၂၅) ခုရှိသည်။

ကုမ္ပဏီတွေထဲမှာ တချို့က လိပ်စာ အတိအကျ ဖော်ပြထား ပေမယ့် တကယ်တန်း ဆက်သွယ် လိုက်ရင် မရှိတာ များတယ်။ တချို့ ကုမ္ပဏီ တွေက အားတက်သရော ပူးပေါင်းလာ ပေမယ့်၊ တချို့ကုမ္ပဏီတွေက ပူးပေါင်းမှု မရှိဘူး ဟု MCRB မှစီမံကိန်းနှင့် ဆက်သွယ်ရေး အရာရှိ မဖြူ ဖြူဇင်က ပြောသည်။ ပွင့်လင်း မြင်သာမှု မရှိသည့် ကုမ္ပဏီကြီး များမှာ မြေယာ အဓမ္မသိမ်းယူမှုများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ၊ အလုပ်သမား သမဂ္ဂ များကို ခြိမ်းခြောက်မှုများ၊ လာဘ်စားမှုများ တစ်စုံတစ်ရာ ရှိပါက MCRB သို့ တိုင်ကြားနိုင်ပြီး၊ MCRB မှ အဆိုပါ ကုမ္ပဏီများသို့ အကြောင်းကြားမှု များ ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း မဖြူဖြူဇင်က ဆက်ပြောသည်။

၂၀၁၅ ခုနှစ် မတ်လမှ စတင်၍ ကုမ္ပဏီ (၁၀၀) ကို ထပ်မံ သုတေသန ပြုလုပ် သွားမည် ဖြစ်ပြီး လူမှု အဖွဲ့အစည်းများနှင့်   ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်လဲရေး လုပ်ငန်းများတွင် စီးပွားရေး ဆိုင်ရာ ပွင့်လင်း မြင်သာမှု ရှိမရှိသည် အရေး ပါသည့် အခန်းကဏ္ဍမှပါဝင်နေပြီး၊ မြန်မာနိုင်ငံ၏ အချို့သော စီးပွားရေး ကုမ္ပဏီကြီး များသည် အထက်ဖော်ပြပါ အငြင်းပွားဖွယ်ရာ အခြေအနေ တွင် ရှိနေသေးကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment