Friday 20 March 2015

အပစ်ရပ်ဆွေးနွေးပွဲ တတိယနေ့တွင် အထစ်အငေါ့ ဖြစ်နေသည့်အချက်များ သဘောတူညီမှုရ

အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အကြား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)ဆွေးနွေးပွဲ သုံးရက်မြောက်နေ့တွင် တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ‘‘တော်လှန်ရေး’’ဆိုသည့် စကား လုံးအပါအ၀င် ယခင် အထစ်အငေါ့ဖြစ်နေခဲ့သောအချက် အများအပြားကို ညှိနှိုင်းသဘောတူညီ လိုက်ကြောင်း သတင်းရရှိသည်။ 

ထို့အပြင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာ ဖွဲ့စည်းပုံနှင့် လမ်းပြမြေပုံဆိုသည့် အချက် နှစ် ချက်ကို ကျန်ရှိ သည့် ဆွေးနွေး ပွဲရက်အတွင်း သဘောတူလိုက်နိုင်ပါက NCA စာချုပ်အချော သပ်နိုင် တော့မည်ဟု နှစ်ဖက်စလုံးက သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။ UPWC နှင့် NCCT တို့အကြား သတ္တမအကြိမ် NCA အစည်းအဝေးကို မတ်လ ၁၇ မှ ၂၀ ရက်ထိ ကျင်းပနေခြင်းဖြစ်သည်။ NCA စာချုပ်ပါ အခန်း (၁)၊ (၂)၊ (၃) ပါအချက်များအားလုံး ညှိနှိုင်းသဘောတူညီခဲ့ပြီး အခန်း (၄) နှင့် ပတ်သက်၍ ဖွဲ့စည်းပုံဆိုသည့် စကားလုံးတစ်လုံးကို သဘောတူရန် ကျန်ရှိနေသည်။ လက်ရှိအချိန်တွင် အခန်း (၅) ကို ဆွေးနွေးနေပြီး လမ်းပြမြေပုံဆို သည့်အချက်ကို ညှိနှိုင်းနိုင်ပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲနှင့် ပတ်သက်၍ အဆင်ပြေမည်ဟု ထုတ်ဖော်ပြောဆိုကြသည်။ 

‘‘ဒီကနေ့ ဆွေးနွေးပွဲက တော်တော်များများထိရောက်ပါတယ်။ အဆင်ပြေတဲ့ အပိုင်းတွေလည်း အများကြီး ဖြစ်ပါတယ်။ ဆွေးနွေး ပွဲအကြောင်းအရာထဲမှာ ပဋိပက္ခ လျှော့ချရေးဆွေးနွေးပြီးပြီ။ ပြီး တော့ တပ်ပိုင်း ဆိုင်ရာ ကိစ္စကို လည်း ကျွန်တော်တို့အားလုံး ဆွေးနွေးပြီးပြီ’’ ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာ ခေါင်းက ပြောသည်။ 

ဆက်လက်ပြီး ၎င်းက ‘‘ဒီနေ့ အောင်မြင်မှုထဲမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဘက်ကနေပြီး တော့ တင်ပြချင်တာက အရင် တစ်ခါတုန်းက ခဏခဏတစ်ဆို့ နေတဲ့ စကားလုံးဖြစ်တဲ့ ‘‘တော် လှန်ရေး’’ ဆိုတဲ့ စကားလုံးလည်း ဒီနေ့တော့ ပြေလည်သွားပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ‘‘တော်လှန် ရေးကို အခြေခံသော နိုင်ငံရေး ဆန္ဒကို အသိအမှတ်ပြုသောအား ဖြင့်’’ဆိုတဲ့ စကားလုံးတွေနဲ့ ကျွန် တော်တို့ ရေးထားတာဖြစ်တဲ့ အတွက် အရင်တစ်ခါအမြဲတမ်း တစ်ဆို့နေတဲ့ စကားလုံးလည်း ပြေလည်သွားပါပြီ’’ဟု ဆိုသည်။ 

ပူးတွဲစောင့်ကြည့်ရေး ကော် မတီ (JMC)၊ တပ်မတော်သား များ ကျင့်သုံးလိုက်နာရမည့် စည်း မျဉ်းစည်းကမ်း(Military CoC)၊ တပ်ပိုင်းဆိုင်ရာ ဆက်စပ်နေသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အ ရေးကြီး သည့် မူပိုင်းဆိုင်ရာကိစ္စ ရပ်အားလုံးကို NCA တွင် ထည့် သွားမည်ဖြစ်သည်။ သို့သော် နိုင်ငံ၏ ပထ၀ီဝင် အနေအထား ကျယ် ပြန့်မှု၊ လက်နက်ကိုင် အဖွဲ့အ စည်းများများပြားမှု၊တပ်အနေအထား၊ မြေပြင် အနေအထား ပြည်နယ်တစ်ခုနှင့်တစ်ခု မတူညီကြမှုတို့ကြောင့် နည်းပညာပိုင်းဆိုင်ရာ၊ လက်တွေ့ လုပ်ဆောင် ရမည့် ကိစ္စရပ်များကို NCA တွင် အသေးစိတ်မညှိတော့ဘဲ NCA လက်မှတ်ထိုးပြီး တစ်လ အတွင်း အပြီးသတ်ရေးဆွဲရန် သဘောတူလိုက်ကြသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည်။ မတ်လ ၁၉ ရက်အထိ သ ဘောတူရန် နောက်ဆုံးကျန်နေ သည့် အချက်တို့အနက် Str-ucture ဆိုသည့် စကားလုံးမှာ လည်း NCA ရေးထိုးပြီးJMCကိုပူးတွဲဆောင်ရွက်ရာ၌ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ကိစ္စများပူးတွဲ ဆောင်ရွက်ရာတွင် မည်ကဲ့သို့ ဖွဲ့ စည်းပုံများနှင့် သွားမလဲဆိုသည် ကို ညှိနှိုင်းကြခြင်းဟု ဆိုသည်။ ယင်းကိစ္စအတွက် မတ်လ ၂၀ ရက်အစည်းအဝေးမပြီးမီအဖြေရမည်ဟု မျှော်လင့်ထားကြ ကြောင်းလည်း နှစ်ဖက်စလုံးကပြောကြားခဲ့သည်။ 

‘‘မနက်ဖြန်ကျလို့ရှိရင် တ ကယ်လို့များ အဲဒီဟာလေးပြီး လိုက်တာနဲ့ ရှေ့မှာ မပြီးခဲ့တဲ့ ဒီ့ ပြင်ဟာတွေက အကုန်လုံး Net ဖြစ်သွားပြီတော့ တော်တော်ကြီးကို ချောမွေ့မွေ့ဖြစ်သွားပါပြီ’’ ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) အကြံပေးဦးအောင်နိုင်ဦးက ပြောသည်။ 

အခန်း (၅) ရှိ Road Map ပါ အချက်အလက် အချို့မှာ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲ တွင် ပြေလည်မှုမရရှိခဲ့ဘဲအစည်း အဝေးပင် ရပ်တန့်နောက်ဆုတ် သွားသကဲ့သို့ ဖြစ်စေခဲ့သည့် အချက်များတွင် ပါဝင်သည့် ကိစ္စဖြစ်သည်။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းကို RoadMap အချက် တစ်ခုအနေဖြင့် အစိုးရဘက်က တင်ပြခဲ့ခြင်းကြောင့်ဟု တိုင်းရင်းသားများဘက်က ရှင်းလင်းခဲ့သည်။ သို့သော် ယခု မတ်လ၁၉ ရက်တွင်မူ Road Map အချက် တစ်ချက်အနေဖြင့် မဟုတ်ဘဲ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွင် ပူးပေါင်းပြီး ဆွေးနွေးရ မည်ဆိုသည့် ပုံစံမျိုး ဖြင့် အစိုးရဘက်က ပြန်လည် တင်ပြဆွေးနွေးလာ သည်ဟု ဆိုသည်။ ယင်းကို တိုးတက်မှု အဖြစ် တိုင်းရင်းသားများ ဘက်က မြင်ကြောင်း တုံ့ပြန်ခဲ့သည်။ ယင်းအချက်ကို ကျန်ရှိနေသည့် အစည်းအဝေးရက်များအတွင်း ဆက်လက်ဆွေးနွေး မည်ဖြစ်သည်။ 

7 Day DAILY 

No comments:

Post a Comment