Friday 20 March 2015

တပ်မတော်စစ်ကြောင်းများက ပွိုင့်-၁၄၇၉ တောင်ကုန်းအား သိမ်းပိုက်ရရှိ

ကိုးကန့်သောင်းကျန်းသူများအနေဖြင့် နယ်စပ်ဒေသ၏ ကန့်သတ်ချက်များကို အခွင့်ကောင်းယူ၍ ထူထပ် ရှုပ်ထွေးသော တောတောင် သဘာဝအနေအထားကို ကြိုတင်ပြင်ဆင်အသုံးချကာ ချဉ်းကပ် နိုင်သော လမ်းကြောင်းများ တစ်လျှောက် သတ်ကွင်းများ ကြိုတင်စီမံထားခြင်း၊ အခြေပြုရာ တောင်ကုန်းများ တွင် ဘန်ကာများ အခိုင်အခံ့ တည်ဆောက် ထားခြင်း၊ ပုန်းခိုရှောင်တိမ်းနိုင်ရန် မြေခွေးကျင်းများ တူးထားခြင်း၊ ၎င်းတို့ လွယ်ကူစွာ လှုပ်ရှားသွား လာနိုင်ရန် လမ်းကြောင်းများ ဖောက်လုပ်ထားခြင်း တို့ကို ဆောင်ရွက်၍ ခုခံတိုက်ခိုက် လျက်ရှိရာ တပ်မတော်သားများ အနေဖြင့် ခက်ခဲကြမ်းတမ်းစွာ တိုက်ပွဲဝင်လျက်ရှိသည်။

သောင်းကျန်း သူများသည် ဒေသ၏ အချက်အချာကျပြီး အရေးကြီးသော တောင်ကုန်းများတွင် အဓိက အခြေပြု၍ လောက်ကိုင်ဒေသတစ်ခုလုံးအား လွှမ်းမိုးထိန်းချုပ်နိုင်ရေးအတွက် ၎င်းတောင်ကုန်းများအား လက်လွှတ် ဆုံးရှုံးမှုမရှိစေရေး အပြင်းအထန်ကြိုးစား လျက်ရှိရာတွင် တပ်မတော်အနေဖြင့် ထိရောက်သော လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ လောက်ကိုင်ဒေသ၏ အချက် အချာနေရာ အများစုအား သိမ်းပိုက်ရ ရှိခဲ့ပြီးဖြစ်သည်။

ယနေ့နံနက်ပိုင်းမှစတင်၍ တပ်မတော်စစ်ကြောင်းများက ပွိုင့်-၁၄၆၈ တောင်ကုန်းအနီးရှိ ပွိုင့်-၁၄၇၉ တောင်ကုန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ၎င်း တောင်ကုန်း အား သိမ်းပိုက်ရရှိခဲ့သည်။

ထိုတိုက်ပွဲတွင် သောင်းကျန်းသူများက တောင်ကုန်းပေါ် တွင် အခိုင်အမာအခြေ ကုပ်ယူ ၍ တောင်စောင်းများ တစ်လျှောက် သက်ကွင်း အဖြစ်ရှင်းလင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ခုခံ တိုက် ခိုက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းက ထိရောက်သော ပစ်ကူပစ်အားနှင့် အတူ ရဲဝံ့စွန့်စားစွာ တက်ရောက်၍သိမ်းပိုက်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဆက် လက်၍ ၎င်းတောင်ကုန်း၏ အရှေ့ဘက်ရှိ ပွိုင့်-၁၅၆၄ တောင်ကုန်းအား ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိသည်။

၎င်းအပြင် နယ်နိမိတ်မှတ်တိုင်အမှတ်၊ ၁၃၂ သွားကားလမ်းအား စိုးမိုး ထားသည့် ရှင်ခုတ်ထန် ကျေးရွာ မြောက်ဘက် တောင်ကုန်းတွင် အခြေပြု ခံစစ်ယူထား သည့် သောင်းကျန်းသူ အင်အားစုများအား တပ်မတော် စစ် ကြောင်းများက ရင်ဆိုင်ထိန်းချုပ် တိုက်ခိုက်လျက်ရှိသည်။ 

ထို့အတူ တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ခဲ့သော ပွိုင့်-၁၄၆၈ တောင်ကုန်း အား ယနေ့နံနက် ပိုင်းတွင် ကိုးကန့်သောင်းကျန်းသူ အင် အားစုများက ပြန်လည် သိမ်းပိုက်ရရှိရေးအတွက် လက်နက်ကြီး၊ လက်နက်ငယ်များ၊ စက်သေနတ်ကြီးများဖြင့် ဝိုင်းပတ်ပစ်ခတ်တိုက်ခိုက်လာ ခဲ့ရာ တပ် မတော်စစ်ကြောင်းများက ပစ်ကူ၊ ပစ်အားသုံး၍ သောင်းကျန်းသူများ ကို ပြန်လည်ထိန်းချုပ်တိုက်ခိုက်လျက်ရှိသည်။
ထို့အပြင် ယနေ့မွန်းလွဲပိုင်းတွင် ကုန်းကြမ်းမြို့မြောက်ဘက် လော်ကွာကျိုင်း ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ မာလုရွှေကျေးရွာအနီး တစ်ဝိုက်ရှိ တောင်ကုန်းများ တွင် အခြေပြုနေသော ကိုးကန့်သောင်းကျန်းသူ အင်အားစုများအား လေကြောင်း မှ ချေမှုန်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်မှ စစ်သည် ၁ ဦး တိုင်းပြည် အတွက် အသက်ပေး လှူခဲ့ပြီး အရာရှိ၊ စစ်သည် ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment