Friday 20 March 2015

ရခိုင်ပြည်နယ် အတွက် သင်္ဘောများ တောင်းဆိုခဲ့ သော်လည်း မရရှိခဲ့ကြောင်း ပြည်နယ် အစိုးရပြော


ရခိုင်ပြည်နယ် အစိုးရအသစ် လက်ထက်တွင် ပြည်ထောင်စု အစိုးရအား သင်္ဘောများ တောင်းဆိုခဲ့ သော်လည်း မရရှိ ခဲ့ကြောင်း ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူ ဥပဒေချုပ် ဦးလှဟန်က အောင်တံခွန် (၃) သင်္ဘော တိမ်းမှောက်မှုနှင့် ပတ်သက်၍ The Messenger Media သို့ ပြောကြား ရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
 သေတဲ့ လူတွေအတွက် ထောက်ပံ့မှုတွေ လုပ်သွားဖို့ ရှိတယ်။ အကြမ်းအားဖြင့် သင့်တင့် လျှောက်ပတ်တဲ့ ထောက်ပံ့မှုတွေ လုပ်မယ်။ ရေကြောင်း ပို့ဆောင်ရေး ကလည်း အစိုးရ နဲ့ ပူးပေါင်းပြီး လုပ်မယ်။ ပြောနိုင် တာက ထောက်ပံ့ဖို့ စီစဉ်နေတယ် ဟု ဦးလှသိန်း က ဆိုသည်။ ရခိုင် ပြည်နယ်တွင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်မှ စစ်တွေ- မြန်အောင်၊ စစ်တွေ-တောင်ကုတ်၊ စစ်တွေ-ဘူးသီးတောင် စသည့် ခရီးသည် သင်္ဘောလိုင်း များ၌ သင်္ဘော အစီးရေ ခုနှစ်စီးခန့်ဖြင့် ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းကို ဆောင်ရွက် နေပြီး  သင်္ဘောများသည်  နှစ်ပေါင်းများစွာ ကြာမြင့် နေခဲ့ပြီ ဖြစ်သည်။

လက်ရှိ အခြေအနေတွင် အောင်တံခွန် သင်္ဘော နှစ်မြုပ်ရာ၌ သေဆုံးသူ များကို ပြည်နယ် အစိုးရမှ တစ်ဦးလျှင် တစ်သိန်းစီအပြင် NGO များ နှင့် ရခိုင်ပြည်နယ် အစိုးရ ပူးပေါင်း၍ တစ်ဦးလျှင် (၁၁) သိန်းစီ ထောင်ပံ့ကြေးများ ပေးထားကာ အာမခံဌာနမှ တစ်ဦးလျှင် ငါးသိန်း အာမခံကြေးပေး ထားပြီး ဖြစ်သည်။ နှစ်မြုပ်ခဲ့သော အောင်တံခွန် သင်္ဘောသည် ရခိုင် ပြည်နယ် အစိုးရ လက်အောက်တွင် မရှိဘဲ ပြည်ထောင်စု အစိုးရမှ တိုက်ရိုက် ဘတ်ဂျက်ဖြင့် ရပ်တည်ခြင်း ဖြစ်ကြောင်း ဦးလှသိန်းက ပြောသည်။ ယခုအခါ သေဆုံး ရုပ်အလောင်းများ (၆၀) ကျော်အထိ ဆယ်ယူ ရရှိထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်မှာ ရေကြောင်းကို အဓိက ထားပြီး သွားလာ ရတာ၊ အခုသင်္ဘောတွေ မထွက်တော့ဘူး ဆိုရင် ပြည်သူတွေ နစ်နာတာ ဆုံးရှုံး တာကို ပြောဆိုကြလို့ မကျေနပ်လို့လား။ ဘာမှန်း ညာမှန်း မသိ၊  အစိုးရက မထုတ်ပြန်ပေမယ့် သင်္ဘောတွေ မထွက်ဘူး ဖြစ်နေတယ် ဟု ကျောက်ဖြူ ဒေသခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က The Messenger Media သို့ ပြောသည်။

အောင်တံခွန်(၃) သင်္ဘော  နစ်မြုပ်ရခြင်းကြောင့် အသက်ဆုံးရှုံးမှုနှင့် လျော်ကြေးပေးရေး ကိစ္စများ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်း၍ အရေးယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသော အဆိုကို  ပြည်သူ့ လွှတ်တော်၌ တင်သွင်းခဲ့ သော်လည်း ပယ်ချခံခဲ့ရသည်။ ရခိုင်ပြည်နယ်သည် ရေလမ်းကို အဓိက ထားသော ပြည်နယ်ဖြစ်ရာ ရေကြောင်း သွားလာရေး အတွက် အရေးပါသော သင်္ဘောများ၏ ကြံ့ခိုင်ရေးနှင့်  စည်းကမ်းရှိမှုသည် အရေးကြီးကြောင်း ပြည်သူများက ဆိုသည်။

Messenger News Jounal  

No comments:

Post a Comment