Friday 20 March 2015

အငြင်းပွားမှု ဖြစ်ပေါ်နေသော စက်ရုံမှ အလုပ်သမား ခေါင်းဆောင် (၄၈) ဦးကို အလုပ်မှ ထုတ်ပယ်

လှိုင်သာယာ စက်မှုဇုန်တွင် အငြင်းပွာ မှု ဖြစ်ပေါ်နေသော Midus အထည်ချုပ် စက်ရုံမှ အလုပ်သမား ခေါင်းဆောင် (၄၈) ဦးကို အလုပ်မှ ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်း ယင်းအလုပ်သမားများ ထံမှ သိရသည်။ ၎င်းစက်ရုံသည် အော်ဒါ ပြတ်လပ်မှုကြောင့် စက်ရုံ ယာယီနှစ်လ ပိတ်မည် ဖြစ်ပြီး၊ စက်ရုံပိတ် ထားသည့် ရက်များကို အလုပ်သမား များအား လစာ (၅၀) ရာခိုင်နှုန်း ပေးချေရန် ညှိနှိုင်းနေသော်လည်း အလုပ်သမားများနှင့် သဘောတူညီမှု မရရှိဘဲ အငြင်းပွား နေသော စက်ရုံ တစ်ရုံလည်းဖြစ်သည်။

အလုပ်ရှင်က အလုပ်သမား ခေါင်းဆောင်တွေပဲ ရွေးပြီး အလုပ် ထုတ်တယ်။ ကျွန်မတို့က အလုပ်ထုတ်မယ် ဆိုရင် အလုပ်ပိတ် နစ်နာကြေး ပေးပြီး အလုပ်သမားတွေ အကုန်လုံး ထုတ်ဖို့ ပြောတယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်မတို့ လက်မခံနိုင်ဘူး ဟု အဆိုပါ စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ မဇင်မာဦးက ပြောသည်။

၎င်းစက်ရုံသည် ပြီးခဲ့သည့် ဇန်န၀ါရီလပိုင်း ကလည်း စက်ရုံယာယီ တစ်လပိတ် ခဲ့ပြီး၊ လစာပေးချေမှုနှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ရာ ခုံသမာဓိ ကောင်စီမှ ထိုပိတ်ရက်ကို လစာ (၅၀) ရာခိုင်နှုန်း ပေးချေရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုထပ်မံ ယာယီ ပိတ်သိမ်းမှုနှင့် ပတ်သက်၍ ခုံသမာဓိ ကောင်စီသို့ ဒုတိယ အကြိမ် တင်ပြ ထားပြီး၊ အလုပ်သမား(၄၈)ဦး  ထုတ်ပယ်မှုနှင့် ပတ်သက်၍လည်း ခုံသမာဓိသို့ ဆက်လက် တင်ပြ သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဥပဒေတွင် အလုပ်ရှင် အလုပ်သမား၊ အငြင်းပွားမှု ဖြစ်ပေါ်နေသော စက်ရုံမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် များအား အလုပ် ထုတ်ခြင်း၊ အခြား စက်ရုံသို့ ရွှေ့ပြောင်းအလုပ်လုပ်စေခြင်း စသည် တို့ကို လုပ်ဆောင်၍ မရကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေး နေသည့် ရှေ့နေ ဦးဌေးက ပြောသည်။

အလုပ်သမားတွေက စက်ရုံပိတ်လိုက်ပါ။ နစ်နာကြေးပဲ ပေးပါ ဆိုပြီး အထက်ကို စာတင်တယ်။ ဒီလို ဦးဆောင်ပြီး တင်တဲ့ သူတွေကို ထုတ်လိုက်တာ ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီး အရာရှိ ဦးမောင်လှိုင်က ပြောသည်။ ၎င်းစက်ရုံသည် အလုပ်သမား (၆၀၀) ခန့်ဖြင့် လည်ပတ်နေသော စက်ရုံဖြစ်ပြီး၊ ဇန်န၀ါရီလပိုင်း စက်ရုံယာယီ ပိတ်ချိန်တွင် အလုပ်သမား တစ်ရာအား လုပ်ခလစာနှင့် အလုပ်ထုတ် နစ်နာကြေး ပေး၍ လျှော့ချခဲ့သည်။

Messenger News Journal 

No comments:

Post a Comment