Friday 20 March 2015

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ရာသီချိန်အား တိုးမြှင့်ရန် လိုအပ်

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ခရီးသွား ရာသီချိန်အား ပွင့်လင်း ရာသီ၌သာ မဟုတ်ဘဲ ကျန်ရာသီချိန်များ အထိ တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် သဘာဝ အခြေခံများ၊ တိုင်းရင်းသားရိုးရာ ဓလေ့များနှင့် အထိမ်းအမှတ် ပွဲတော် များဖြင့် နိုင်ငံခြား ခရီးသွား များအား ဆွဲဆောင်ရမည်ဟု ၎င်းက ဆိုသည်။

ကျွန်တော်တို့ နိုင်ငံမှာ အခြားသော တိုင်းပြည်တွေနဲ့ မတူတဲ့ အချက်က ပွင့်လင်း ရာသီလောက်ပဲ ခရီးသွားက လာရောက်တာ ရှိတယ်။ ကျန်တဲ့ အချိန်တွေမှာဆို ခြောက်ကပ်ပြီး၊ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေဟာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ် ဟု ဦးနောင်းနောင်းဟန်က ပြောသည်။ လက်ရှိ အခြေအနေတွင် ခရီးသွား ရာသီ ဖြစ်သည့် အောင်တိုဘာလမှ ဧပြီလ အထိ (၆) လတာ ကာလ အတွင်း၌သာ ခရီးသွား လုပ်ငန်းများ အလုပ် ဖြစ်ပြီး၊ ဧပြီလမှ စင်တင်ဘာလ အထိ ကာလအတွင်း ဟိုတယ်ခန်းများ ပိတ်ထားရသည် အထိ ဖြစ်နေ၍ လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွင် တွက်ခြေကိုက်ရန် အခက်အခဲ ရှိကြောင်း ၎င်းက ပြောသည်။

ဝန်ကြီးဌာန အနေနဲ့လည်း ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စီမံကိန်းချပြီး ဆောင်ရွက်နေ တာပဲ။ ဒါပေမဲ့လို့(၁၂) လ ရာသီပတ်လုံး ခရီးသွားတွေ ရှိနေဖို့နဲ့ လုပ်ငန်းရှင်တွေ အဆင်ပြေဖို့ အထိတော့ လုပ်ဖို့ မလွယ်ဘူး ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

သဘာဝ အခြေခံ ခရီးသွားလာရေး မဟာ ဗျူဟာ စီမံချက်ကို ၀န်ကြီးဌာနနှင့် လုပ်ငန်းရှင် များမှ ပူးပေါင်းရေးဆွဲ ထားပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း အကောင်အထည် ဖော်ရန် မျှော်မှန်း ထားကာ နိုင်ငံခြား ခရီးသွားများ၏ Home Stay ၀န်ဆောင်မှုကို လုံခြုံရေး အခြေအနေအရ ကန့်သတ် ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ ၀န်ကြီးဌာန အနေဖြင့် ခရီးသွား ၀င်ရောက်မှုကို (၄ ဒသမ ၅)သန်းခန့်သာ မျှော်မှန်း ထားသော် လည်း ဖေဖော်ဝါရီလကုန် အထိ ခရီးသွား ၀င်ရောက်မှု ခြောက်သိန်းကျော် ရှိပြီး၊ ၂၀၁၄ ခုနှစ်အတွင်း လေးသန်းနီးပါး ၀င်ရောက်၍ နှစ်စဉ် တိုးတက်မှု ရှိကြောင်း အဆိုပါဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment