Friday 20 March 2015

အကြမ်းဖက်မှု ဆန့်ကျင်ရေး လက်ပတ်ဖြူ လှုပ်ရှားမှု မြို့ကြီး ၁၉ မြို့တွင် စတင်

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားနှင့် ပြည်သူများ အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် အနေဖြင့် လက်ပတ်ဖြူဝတ် တန်ပြန်လှုပ်ရှားမှုကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ကြီး ၁၉ ခု၌ မတ်လ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ယင်းလှုပ်ရှားမှုကို ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

“အစိုးရရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်တဲ့အနေနဲ့ လက်ပတ်ဖြူဝတ်ပြီး အသံတိတ် ဆန္ဒထုတ်ဖော်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ဒီနေ့ လှုပ်ရှားခဲ့တယ်။ လက်ပတ်ဖြူ ၁၇,၀၀၀ အသုံးပြုခဲ့တယ်။ ၂၁ ရက်နေ့မှာလည်း ထပ်မံလှုပ်ရှားသွားမယ်” ဟု ယင်းလှုပ်ရှားမှုကို ဦးဆောင်သူ ကဗျာဆရာ မောင်ဆောင်းခ က ပြောကြားသည်။

အဖြူရောင်ပိတ်စပေါ်၌ အစိမ်းရောင်ဖြင့် We are Students; Respect Our Right ဟု ရေးသားထားသည့် လက်ပတ်ဖြူများကို အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်သူများက ဝတ်ဆင်ခဲ့ကြပြီး လူစည်ကားရာ နေရာများ၌ လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သူများက ဆိုသည်။

ယင်းလှုပ်ရှားမှုတွင် ရန်ကုန်မြို့၌ လက်ပတ်ဖြူ ပိတ်စ ၅၀၀၀၊ မန္တလေးမြို့တွင် လက်ပတ်ဖြူ ပိတ်စ ၂၀၀၀ နှင့် ပုသိမ်မြို့တွင် လက်ပတ်ဖြူပိတ်စ ၁၃၀၀ ဖြန့်ဝေခဲ့ပြီး ကျန်မြို့နယ် ၁၇ ခုတွင် လက်ပတ်ဖြူ ပိတ်စ ၅၀၀ စီ ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါ လှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့ရာတွင် ပုသိမ်၊ ပဲခူး စသော မြို့နယ်များတွင် အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း လူနေထူထပ်သည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်မူ သက်ဆိုင်ရာ အာဏာပိုင်များက သတင်းမှတ်တမ်းများ ရယူခဲ့ကြောင်း ကဗျာဆရာ မောင်ဆောင်းခက ထပ်လောင်းပြောကြားသည်။

“လက်ပတ်ဖြူ လှုပ်ရှားတဲ့ အဖွဲ့ဝင်တွေနဲ့ လက်ပတ်ဖြူ ဝတ်ဆင်ခဲ့သူတွေကို စရဖနဲ့ SB အဖွဲ့က မျက်နှာကို အနီးကပ် ဓာတ်ပုံတွေရိုက်ပြီး သတင်းပေးမှုတွေ လုပ်တယ်လို့ ရန်ကုန်နဲ့ မန္တလေးမှာ လှုပ်ရှားခဲ့တဲ့ အဖွဲ့ဝင်တွေ သတင်းပို့တယ်။ သူတို့က တာဝန်အရ လုပ်ဆောင်တယ် ဆိုပေမယ့် ပြည်သူတွေအနေနဲ့ ငါ့များဖမ်းမလို့လား ဆိုတဲ့ အကြောက်တရားတွေ ဖြစ်စေတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများတွင် လက်ပတ်ဖြူ ၅၀၀၀ ဖြန့်ဝေပေးခဲ့ပြီး မန္တလေးမြို့ရှိ ဘုရားကြီး၊ ဦးပိန်တံတား၊ ကျွဲဆည်ကန်ကားဝင်း၊ မန္တလေးတောင်ခြေနှင့် မြို့လယ်လူစည်ကားရာ နေရာများတွင် ပြည်သူ ၂၀၀၀ ၏ လက်မောင်းများ၌ လက်ပတ်ဖြူများ စည်းပေးခဲ့ကြောင်း Mandalay Youth Network အဖွဲ့ဝင် ကိုဇင်လှိုင်ထက်က ပြောကြားသည်။

ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင်လည်း လက်ပတ်ဖြူ လှုပ်ရှားမှုကို အဖွဲ့လေးဖွဲ့ ခွဲ၍ လက်ပတ်ဖြူ ၁၃၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများထံမှ စုံစမ်းသိရှိရသည်။

မြို့တော်ခန်းမအရှေ့နှင့် လက်ပံတန်းတွင် ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများ အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် အနေဖြင့် လက်ပတ်ဖြူဝတ် လှုပ်ရှားမှုကို မတ်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ရန်ကုန်မြို့လယ်ရှိ လူစည်ကားရာ နေရာများတွင် စတင်ခဲ့ပြီးနောက် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေချိန်၌ ယာယီရပ်နားခဲ့ပြီး မတ်လ ၁၉ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည်လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ကဗျာဆရာ မောင်ဆောင်းခက ဆိုသည်။

“မတ်လ ၂၁ ရက်နေ့ ယုဒသန်ခန်းမမှာ ကျင်းပမယ့် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲမှာ ထပ်လုပ်မယ်။ အဲဒီနေ့မှာပဲ ကျောက်ဆည်၊ မုံရွာ၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာ လက်ပတ်ဖြူ လှုပ်ရှားမှုတွေ လုပ်မယ်” ဟု ယင်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်နေသူ ကိုညီမိုးဆွေက ပြောကြားသည်။

လက်ပတ်ဖြူလှုပ်ရှားမှု ဆောင်ရွက်နေသူများမှာ ခွင့်ပြုချက်မရယူဘဲ ဆောင်ရွက်နေသောကြောင့် အဆိုပါ လှုပ်ရှားမှု၌ ပါဝင်ခဲ့သူများ၏ အချက်အလက်များကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ထားဝယ်မြို့တွင် ပြုလုပ်သော လက်ပတ်ဖြူလှုပ်ရှားမှုကို ၈၈ မျိုးဆက်များ၊ ကျောင်းသားများနှင့် လူမှုရေး အဖွဲ့အစည်းများက ပြုလုပ်ခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။

“ဈေးအထဲမှာတော့ အောင်မြင်ပြီး ဈေးအပြင်ဘက်မှာတော့ ကြောက်နေတဲ့သူတွေလည်း ရှိပါတယ်” ဟု လူငယ်ကွန်ရက်မှ အဖွဲ့ဝင် မသီတာစိုးက ပြောပြသည်။

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့တွင် အဖြူရောင်လက်ပတ် လှုပ်ရှားမှုကို မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လေးနေရာခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း ဦးရဲသွေးက ပြောသည်။

“အကြမ်းဖက်မှုတွေ ရှိနေသရွေ့ ကျွန်တော်တို့တွေ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်ကန်ကွက် နေဦးမှာပဲ။ နောင်လာမယ့်ခေတ်မှာ လူငယ်တွေကို ကြမ်းတမ်းစက်ဆုပ်တဲ့ အပြုအမှုတွေ မလုပ်မိဖို့ အစိုးရ အဖွဲ့ အနေနဲ့ရော လူကြီးတွေ အနေနဲ့ရော ကောင်းမွန်တဲ့အမွေ ပေးနိုင်ဖို့ လိုတယ်။ ဘာပဲပြောပြော လူငယ် ဆို တစ်နေ့ခေတ်ရဲ့ ဦးဆောင်သူတွေပဲ” ဟု အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သော ကဗျာဆရာ လူဖန်ခါးက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment