Friday 20 March 2015

UWSA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ရှမ်းတိုင်းရင်းသားမိသားစုများအား နေရာထိုင်ခင်းစီစဉ်ပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော ရှမ်းတိုင်းရင်းသား မိသားစု များအား တာဝန်ရှိအဖွဲ့အစည်းများမှ နေရာထိုင်ခင်း စီစဉ်ပေးခဲ့ကြောင်း ယင်းမိသားစုများထံမှ သိရသည်။

အဆိုပါ မိသားစုများသည် UWSA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် မိုင်းကာဒေသ၊ ၀မ်ခုတ်ကျေးရွာမှ ထွက်ပြေးလာကြပြီး မိုင်းနှုန်းအုပ်စု မိုင်းနှုန်းနှီးဘုရားကျောင်းသို့ ရောက်ရှိတည်းခိုလျက်ရှိရာ နယ်ခြေခံ တပ်များမှ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများကို မတ် ၁၇ ရက်နေ့က ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

“ ထွက်ပြေးလာတာကတော့ အိမ်ထောင်စု ၅ စုပါ၊ ရောက်တဲ့နေ့တုန်း ကတော့ မိုင်းနှုန်းနှီးဘုရား ကျောင်းမှာ ထားတယ်၊ အခုတော့ အနီးပတ်ဝန်းကျင်ရွာတွေမှာ ခွဲပြီးနေ နေကြပါပြီ ” ဟု မိုင်းနှုန်းရွာသား တစ်ဦးက ပြောသည်။

ယင်းမိသားစုများအား တပ်မိုင်ကျေးရွာ၊ ပါကန်ကျေးရွာ၊ ခမ်းနွဲ့ကျေးရွာနှင့် ယန်းလုံကျေးရွာများ၌ နေရာ ထိုင်ခင်း စီစဉ်ပေးထားကြောင်း အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ မိသားစုတွေ နေထိုင်ဖို့ အိမ်တွေလည်း ဆောက်ပေးတယ်၊ လုပ်ကိုင်စားဖို့ အတွက် တစ်အိမ် ထောင်ကို လယ် ၁ ဧက ခွဲပေးမယ်လို့ သိရပါတယ်၊ ကျွန်တော်တို့ နေခဲ့တဲ့ ၀မ်ခုတ်ရွာက အိမ်ခြေ ၁၀၀ လောက် ရှိတယ်၊ ရှမ်း၊ တရုတ်၊ လီရှောတွေ ရောပြီး နေကြတာ၊ `၀´အဖွဲ့က လူသစ်စုတာကြောင့် ထွက် ပြေး လာခဲ့ရတာပါ ” ဟု တိမ်းရှောင်လာသူ တစ်ဦးက ပြောကြားသွားခဲ့သည်။

စိုးအောင်
Credit >>> Shan News

No comments:

Post a Comment