Friday 20 March 2015

တူနီးရှား ပြတိုက် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်၍ မသင်္ကာသူ (၉)ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

တူနီးရှားနိုင်ငံ၊ တူးနစ်မြို့တော်တွင် ဖြစ်ပွားသည့် အကြမ်းဖက် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မသင်္ကာသူ (၉)ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

မတ် ၁၈ ရက်က နိုင်ငံ၏ အကြီးဆုံး ပြတိုက်ဖြစ်သော ဘာဒိုပြတိုက်အတွင်း သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ရာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် (၂၀)အပါအဝင် လူ(၂၃)ဦး သေဆုံးပြီး (၄၀)ခန့် ဒဏ်ရာများ ရရှိခဲ့သည်။ တူနီးရှား အထူးတပ်ဖွဲ့များက အဆိုပါ အကြမ်းဖက်မှုကို ကျူးလွန်သည့် သေနတ်သမား နှစ်ဦးကို အသေပစ်သတ်ခဲ့သည်။

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့က အဆိုပါ တိုက်ခိုက်မှုကို မိမိတို့ စီမံကိုင်တွယ်ခဲ့ကြောင်း ကြေညာပြီး သေဆုံးသွားသည့် သေနတ်သမား နှစ်ဦးကိုလည်း အစ္စလာမ်မစ် နိုင်ငံတော်၏ သူရဲကောင်းများဟု ညွှန်းဆိုခဲ့သည်။

Twitterပေါ်ရှိ အိုင်အက်စ်တပ်ဖွဲ့ ဝါဒဖြန့် Account များက သေနတ်သမား နှစ်ဦး၏ အမည်များကို အဘူဇာကာရီယာ အယ်လ်တူနီဆီနှင့် အဘူအေနက်စ် အယ်လ်တူနီဆီတို့ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ အိုင်အက်စ် တပ်ဖွဲ့က အဆိုပါ တိုက်ခိုက်မှုသည် အစ္စလာမ်နိုင်ငံ တူနီးရှားရှိ မိစ္ဆာဒိဋ္ဌိများနှင့် အယူမှားသူများ၏ သားရဲတွင်းကို ဝင်ရောက် ဖျက်ဆီးမှုအဖြစ် ကောင်းချီးပေးကြောင်းလည်း ကြေညာထားသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူများအနက် ဂျပန်၊ ကိုလံဘီယာ၊ ဩစတြေးလျတို့နှင့် ဗြိတိန်အပါအဝင် ဥရောပနိုင်ငံ အချို့မှ ကမ္ဘာလှည့် ခရီးသည်များ ပါဝင်ခဲ့သည်။ တူနီးရှား၏ အဓိက စီးပွားရေးသည် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရာ ယခုတိုက်ခိုက်မှုက နိုင်ငံအတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်လာစေခဲ့သည်။

တူနီးရှား သမ္မတ ဘီဂျီကာ့ဒ် အက်ဆက်ဘ်ဆီက မိမိတို့သည် အကြမ်းဖက် သမားများနှင့် စစ်ပွဲတစ်ခု စတင်နေပြီဟု ကြေညာခဲ့သည်။ “ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေက ကျွန်တော်တို့အတွက် အသေးအဖွဲ ခြိမ်းခြောက်မှုလောက်သာ ဖြစ်စေမယ်။ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ အနက်ရှိုင်းဆုံး ခုခံသွားမှာဖြစ်ပြီး အသနား အညှာတာမရှိ တုံ့ပြန်သွားမယ်။ အဆုံးမှာ ဒီမိုကရေစီက အနိုင်ရစေမယ်၊ ဒီမိုကရေစီကသာ ဆက်ပြီး ရှင်သန်လိမ့်မယ်”ဟုလည်း ၎င်းက ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးကို မိန့်ခွန်း ပြောကြားခဲ့သည်။

တူနီးရှား ရဲတပ်ဖွဲ့သည် မတ် ၁၉ ရက်မှ စတင်ကာ တိုက်ခိုက်မှုနှင့် ဆက်စပ်ပြီး မသင်္ကာသူများကို ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့၏ အမည်နှင့် အခြား အချက်အလက်များကို ကြေညာခဲ့ခြင်း မရှိချေ။ ဆီးရီးယားနှင့် အီရတ်တို့တွင် အိုင်အက်စ် တပ်ဖွဲ့အတွက် ပါဝင်တိုက်ခိုက်နေသည့် တူနီးရှား နိုင်ငံသား (၃၀၀၀)မှ (၅၀၀၀)မျှထိ ရှိမည်ဟု ခန့်မှန်းရပြီး ယင်းတို့အနက် (၅၀၀)ခန့်သည် မိခင်နိုင်ငံထဲ ပြန်လည် ဝင်ရောက်လာသည်ဟု ယုံကြည်ရသည်။

လတ်တလောတွင် တူနီးရှား စစ်တပ်သည် အဓိက မြို့ကြီးများတွင် ဖြန့်ကျက် နေရာယူထားပြီး လုံခြုံရေး သတ်မှတ်ချက်ကိုလည်း အဆင့်မြှင့်တင် ကြေညာထားလိုက်သည်။ ပစ်ခတ်မှုတွင် ပါဝင်သည့် သေနတ်သမား နှစ်ဦးသည် လစ်ဗျားနိုင်ငံ၊ ဒါနားရှိ အိုင်အက်စ်၏ လေ့ကျင့်ရေးစခန်း အသစ်တွင် နှစ်လကြာ သင်တန်းတက်ခဲ့ပြီးမှ တူနီးရှားသို့ ပြန်လည် ဝင်ရောက်လာခြင်းဟုလည်း သတင်းများက ဖော်ပြသွားသည်။

Ref: BBC 

No comments:

Post a Comment