Friday 20 March 2015

ပုသိမ်ထီးကို ဝယ်လိုအား၏ ၂၀ ရာခိုင်နှုန်းသာ ဥရောပသို့ ထုတ်လုပ်တင်ပို့ နိုင်ဟုဆို

ဥရောပနိုင်ငံများက မြန်မာ့ရိုးရာ ပုသိမ်ထီးများကို အလက်ပေါင်း ထောင်ချီ မှာယူလျက် ရှိသော်လည်း ပုသိမ်မြို့ရှိ ပုသိမ်ထီး လုပ်ငန်းရှင်များသည် ငွေကြေးစိုက်ထုတ်နိုင်မှု အပြင် သဘာဝကုန်ကြမ်း ပစ္စည်းများ ရရှိရန်နှင့် သိုလှောင်ရန် အခက်အခဲများကြောင့် ဝယ်လိုအား၏ ၂၀ ရာခိုင်နှုန်းခန့်သာ တင်ပို့ရောင်းချ နိုင်ကြောင်း ပုသိမ်ထီး လုပ်ငန်းရှင်များက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ လက်မှုထုတ်ကုန် ဖြစ်သော မြန်မာ့ရိုးရာ ပုသိမ်ထီးကို ဂျာမနီ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ပြစ်သစ်နိုင်ငံတို့က သုံးမီတာ အကျယ်ရှိ ပုသိမ်ထီးကြီးများကို အလက်ရေ ထောင်ချီ၍ မှာယူသည့် ဝယ်လိုအားရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

ပုသိမ်ထီး ထုတ်လုပ်ရာတွင် အသုံးပြုသော သစ်၊ ဝါးများ ရှားပါးလာမှု၊ ဈေးနှုန်းကြီးမြင့်လာမှုတို့ကြောင့် သဘာဝကုန်ကြမ်းများ သိုလှောင်ရန် အခက်အခဲများ ရှိနေကြောင်း၊ ပြည်ပဈေးကွက်အတွက် တစ်ဆင့်ခံ ကုန်သည်ကိုသာ အားကိုးနေရခြင်း၊ ကုန်ပစ္စည်း အမှတ်တံဆိပ် မူပိုင်ခွင့် အားနည်းခြင်း၊ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရန် ရင်းနှီးမြှုပ်နှံမှု ငွေကြေးအခက်အခဲများ အပြင် ထုတ်လုပ်သူနှင့် လုပ်သားများအတွက် အကျိုးဖြစ်ထွန်းမှု အလွန်နည်းပါးနေခြင်းကြောင့်လည်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“လက်မှုပညာ ထုတ်ကုန်တွေကို ပြည်ပတင်ပို့ပြီဆိုရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်အလုပ်သမား တွေ့ပြီးတော့ ရေရှည်အကျိုးစီးပွားကို မထိခိုက်စေဖို့ လိုတယ်။ ဒီတော့ အရည်အသွေးပိုင်းကို ဂရုစိုက် အဓိကထားပြီး တင်ပို့ရတယ်။ အရည်အသွေး ထိန်းနိုင်ဖို့ ပိုမိုကောင်းနိုင်ဖို့ ဆိုတာ ခေတ်မီတဲ့ နည်းပညာတွေ လိုမယ်။ သုတေသနလုပ်ဖို့ လိုမယ်။ ပျက်စီးကုန်တဲ့ ဝါးတောတွေ သစ်တောတွေ ပြန်စိုက်ဖို့လိုမယ်။ အစိုးရက ဒါမှမဟုတ် တာဝန်ရှိသူတွေက အမျိုးသားရေးအမြင်နဲ့ မြှင့်တင်ပေးစေချင် တယ်” ဟု ပုသိမ်မြို့ရှိ ရွှေစာထီးလုပ်ငန်းရှင် ဦးမင်းနိုင်က သုံးသပ်ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ပုသိမ်ထီးနှင့် ပုံစံတူ ထီးလုပ်ငန်းများ လုပ်ကိုင် နေကြသော်လည်း မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ပုသိမ်ထီးနှင့် မတူကြောင်း၊ မြန်မာပုသိမ်ထီးသည် လက်ချည်းသက်သက် ပြုလုပ်သော သဘာဝပစ္စည်းများဖြင့် ထုတ်လုပ်ခြင်း ဖြစ်ပြီး အနုပညာလက်ရာ ဖန်တီးမှုများ ကွဲပြားသဖြင့် ဥရောပနိုင်ငံများက ဝယ်လိုအား များပြားနေခြင်း ဖြစ်ကြောင်း ပုသိမ်ထီး ကုန်သည် ဦးရေအေးက မှတ်ချက်ပြုသည်။

“ပုသိမ်ထီးကို ပြည်ပဈေးကွက်က အမှာတွေ ရှိနေပေမယ့် ထုတ်လုပ်မှုအားက နည်းနေတော့ ဝယ်လို အားကို မီအောင် မထုတ်လုပ်နိုင်ဘူး ဖြစ်နေတယ်။ ပုသိမ်ထီးလို အသေးစား စက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် SME ထောက်ပံ့မှုတွေ ပြုလုပ်ဖို့ ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment