Friday 20 March 2015

ကိုးကန့်ဒေသကို ဖုန်ကြားရှင်ပြန်မတိုက်ဖို့ NCCT ခေါင်းဆောင်တွေ တားခဲ့ဖူးသလား?

မကြာမီရက်ပိုင်းက ကျင်းပပြီးစီးသွားတဲ့ UPWC နဲ့ NCCT တို့ရဲ့ ၇ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာ ဖုန်ကြားရှင်ကို ငြိမ်းချမ်းရေးစားပွဲဝိုင်း ထဲထည့်ဖို့ NCCT ခေါင်းဆောင်တွေပြောဆိုနေတာ ကြားရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးစေချင်တာ အကောင်းဘက်ကတွေးပေးရင် လက်ခံနိုင်တဲ့ကိစ္စပါ။ ဒါပေမယ့် မေးစရာ ရှိတာက ဖုန်ကြားရှင်ကရော ငြိမ်းချမ်းရေးတကယ် လိုချင်ခဲ့ရဲ့လားဆိုတာပါပဲ။

ကိုးကန့်ဒေသကို ဖုန်ကြားရှင်ပြန်တိုက်တာ ပြီးခဲ့တဲ့လ ၉ ရက်နေ့ကပါ။ အဲဒီအချိန်တုန်းက NCCT ခေါင်းဆောင်တွေ ဘာပြောခဲ့သလဲ။ နိုင်ဟံသာ တို့ကိုယ်တိုင် သူတို့နယ်မြေကိုသူတို့ပြန်ရချင်လို့တိုက်တာ မဟာမိတ်အဖွဲ့အနေနဲ့ ထောက်ခံပါ တယ်ဆိုပြီးပြောသွားတာ မှတ်မီဦးမယ်ထင်ပါတယ်။ ဖုန်ကြားရှင်ကို မတားတဲ့အပြင် အားပေးအားမြှောက်တောင်ပြုခဲ့ကြပါ သေးတယ်။

ဖုန်ကြားရှင်ဘက်ကနေ၀ိုင်းပြီးတော့ တိုက်ပေးခဲ့ကြတာမဟုတ်ဘူးလား။
ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် ကိုးကန့်ဒေသကို ဖုန်ကြားရှင်ပြန်တိုက်စရာအကြောင်း မရှိပါဘူး။ ကိုးကန့်ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရအဖွဲ့နဲ့ ဒေသဖွံ့ဖြိုးရေးတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ ကိုယ့်ဒေသကိုပြန်တိုက်တာ ဘာသဘောလဲ။ ကိုးကန့်ဒေသကိုဖုန်ကြားရှင် ပြန်လိုချင်လို့ အာဏာမက်လို့ ဆိုတာ ပေါ်လွင်နေတာပါပဲ။ ဒါဆိုရင်ဖုန်ကြားရှင်ရဲ့လုပ်ရပ်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေရမယ့်သဘောမျိုး NCCT ခေါင်းဆောင်တွေပြောနေ တာဖြစ်ပါတယ်။

ဖုန်ကြားရှင်ဟာ ကိုးကန့်ဒေသကနေ ဘာကြောင့်ထွက်ပြေးသွားသလဲဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ လက်နက်စက်ရုံတွေနဲ့ လက်နက်တွေထုတ်တယ်။ ဘိန်းချက်စက်ရုံတွေနဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ နေတယ်။ ဒါကိုတရားဥပဒေနဲ့အညီ အစစ်အဆေးခံဖို့ရဲ့တပ်ဖွဲ့ဝင်တွေ လွှတ်လိုက်တယ်။ ဖုန်ကြားရှင်တို့ညီအစ်ကိုတွေက အစိုးရ၀န်ထမ်းရဲတပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက်သတ်ပစ်တယ်။ ဥပဒေအတိုင်းရင်မဆိုင်ဘဲ ထွက်ပြေးသွားတယ်။ ယနေ့အချိန်ထိ အဲဒီလူသတ်မှုအတွက် ဖုန်ကြားရှင်အပြစ်မခံယူသေးတာကြောင့် တရားခံပြေးအဖြစ် အကျူံးဝင်နေဆဲ ဖြစ်ပါတယ်။

အဲဒီလိုတရားခံပြေးတစ်ယောက်ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်အစိုးရတက်လာချိန်မှာတော့ လွတ်ငြိမ်း ချမ်းသာခွင့်ပေး ခဲ့တယ်။ ဒါပေမယ့် ကျေးဇူးတရားကို ဖုန်ကြားရှင် နားလည်ရကောင်းမှန်း မသိပါဘူး။ သမ္မတကြီးရဲ့ မျက်နှာကိုမှ မထောက် ကိုးကန့်ဒေသကို ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို NCCT က သူတို့ရဲ့ Member ပါလို့ ပြောလာတယ်။ နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစော်ကားတာဖြစ်လို့ ဖုန်ကြားရှင်အဖွဲ့ကို လုံးဝအလျော့ပေးမှာ မဟုတ်ဘူးလို့ ပြောနေတာတောင် NCCT ခေါင်းဆောင်တွေက ဖုန်ကြားရှင်အတွက် ၀င်နာပေးနေကြတာ အံအားသင့်စရာ ဖြစ်နေပါတယ်။

တိုက်ပွဲတွေစဖြစ်ချိန်ကနေ ယနေ့အချိန်ထိ ဖုန်ကြားရှင်အဖွဲ့ကို ကာကွယ်ပြောဆိုပေးနေတဲ့ NCCT ခေါင်းဆောင် အချို့ကိုလည်း သံသယ ၀င်လာပါတယ်။ အခြေအနေမဟန်မှန်းသိလို့ အောက်ကျို့တာ ကတော့ ကလေးကလား အထာပါ။ ဖုန်ကြားရှင်စခဲ့တဲ့မီးက ကိုးကန့်ဒေသ ကို လောင်မြိုက်စေခဲ့ပါပြီ။ အစိုးရဆီကို ဖုန်ကြားရှင်အတွက် ငြိမ်းချမ်းရေး စကားပြောဖို့ တွန်းအားပေးနေတဲ့ NCCT ခေါင်းဆောင် တွေကို ပြည်သူ အားလုံးကိုယ်စား မေးချင်တာတစ်ခုရှိပါတယ်။ ကိုးကန့်ဒေသကို ဖုန်ကြားရှင်ပြန်မတိုက်ဖို့ NCCT ခေါင်းဆောင်တွေ တားခဲ့ဖူးသလား?

ဝင်းဇော်သိန်း
နေ့စဉ်သတင်း 

No comments:

Post a Comment