Thursday, 9 August 2012

"HFMD (သို့မဟုတ်) လက်၊ ခြေထောက်၊ ပါးစပ် ရောဂါ"

၂၀၁၂၊ ဧပြီ၊ မေ၊ ဇွန်လများတုန်းက ကမ္ဘောဒီယားမှာ ပုံမှန်မဟုတ်တဲ့ ဖျားနာမှုတွေနဲ့ ကလေးငယ် အယောက် (၅၀)ကျော် သေဆုံးခဲ့ရပြီးနောက် ကမ္ဘောဒီယား ကျန်းမာရေးဝန်ကြီးဌာနနဲ့ WHO တို့ ပူးပေါင်း အဖြေရှာခဲ့တော့ Hand, foot and mouth disease (HFMD) ကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ 

တကယ်တော့ HFMD ဟာ သာမန်ရောဂါငယ်မျှသာ ဖြစ်ပြီး တစ်ပတ်ကနေ ဆယ်ရက်ကြာခံစားပြီးရင် ဘာဆေးမှ မသောက်ရပါဘဲ သူ့ဘာသာ ပြန်သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာ ကလေးတွေ အသေအပျောက်များခဲ့ရခြင်းအပေါ် WHO နဲ့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း သတင်းထုတ်ပြန်ခဲ့ရာမှာ HFMD ခံစားနေရတဲ့ ကလေးအတော်များများ Setroid ဆေးတွေနဲ့ ကနဦးကုသမှုခံယူခဲ့ကြရပြီးနောက် အဲဒီ Steroid ဆေးတွေက EV71 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရတဲ့ HFMD လူနာတွေရဲ့ အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တာပါတဲ့။

Question:

လက်၊ ခြေထောက်၊ ပါးစပ် ရောဂါ (HFMD) ဆိုတာ ဘာလဲ ?

Answer:

ဒီရောဂါဟာ မွေးကင်းစအပါအ၀င် အသက် (၁၀)နှစ်အောက် ကလေးတွေမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး ဖျားခြင်း၊ ပါးစပ်ထဲမှာ အနာတွေပေါက်ခြင်း၊ လက်၊ ခြေထောက်နဲ့ တင်ပါးတွေမှာ အနီစက်နဲ့ အရည်ကြည်ဖုတွေဖြစ်ပေါ်ခြင်း စတဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ်။

ဒီရောဂါဟာ နွား၊ သိုး၊ ၀က်တွေမှာ ဖြစ်တတ်တဲ့ ခွာနာ-လျှာနာ ရောဂါနဲ့ မဆိုင်ပါဘူး။ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးချင်းလည်း မတူပါဘူး။

Question:

ကမ္ဘာကြီးရဲ့ ဘယ်နေရာတွေမှာ HFMD အဖြစ်များသလဲ ?

Answer:

တစ်ကမ္ဘာလုံးမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အပူပိုင်းနဲ့ သမပိုင်းဇုံဒေသတွေမှာ အဖြစ်များပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာတော့ အာရှမှာ အဖြစ်များလာပါတယ်။ ကပ်အသွင်ဖြစ်ပွားမှုတွေလည်း ရှိတတ်ပါတယ်။

Question:

HFMD ဘာကြောင့်ဖြစ်သလဲ ?

Answer:

Enterovirus အုပ်စုဝင် Coxsackie ဗိုင်းရပ်စ် A16 ပိုးကြောင့် အဖြစ်များပြီး များသောအားဖြင့်ကတော့ အနည်းငယ်သာ ခံစားရကာ လူကို အန္တရာယ်သိပ်မပေးပါဘူး။ ဒါပေမဲ့ Enterovirus 71 (EV71) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ HFMD မှာတော့ နောက်ဆက်တွဲ ပြင်းထန်လက္ခဏာတွေ ခံစားရနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ (ကမ္ဘောဒီးယားမှာ ဒုက္ခပေးခဲ့တာ EV71 ကြောင့်ဖြစ်ပွားတဲ့ HFMD ပါ။)

Question:

HFMD ဖြစ်ရင် ဘယ်လောက်ထိ ခံစားရမလဲ ?

Answer:

HFMD ဖြစ်ပြီဆိုရင် ဖျားတာ၊ အစာစားချင်စိတ်မရှိတာ၊ နုံးတာ၊ လည်ချောင်းနာတာတွေနဲ့ စတာပါပဲ။ ၂ ရက်လောက်ဖျားပြီးရင်တော့ ပါးစပ်ထဲမှာ အနာတွေပေါက်လာမယ်။ လက်ဖ၀ါး၊ ခြေဖ၀ါး၊ တင်ပါးနဲ့ မျိုးပွားအင်္ဂါတ၀ိုက်မှာ အနီပြောက်လေးတွေ၊ အရည်ကြည်ဖုတွေပေါ်လာမယ်။ ဒါပေမဲ့ အဲဒါတွေ အကုန်လုံး ခံစားရချင်မှလည်း ခံစားရပါလိမ့်မယ်။ အချို့လူနာတွေမှာ ပါးစပ်ထဲ အနာပေါက်တာလောက်သာ ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ HFMD ဟာ တစ်ပတ်ကနေ ဆယ်ရက်အကြား ခံစားရပြီးနောက် သူ့ဘာသာ ပြန်ပျောက်တတ်ပါတယ်။ ပါးစပ်ထဲ အနာတွေပေါက်တဲ့အတွက် မစားမသောက်နိုင်ဖြစ်ပြီး အရည်ခမ်းခြောက်ရတဲ့ပြဿနာတော့ရှိတတ်ပါတယ်။ ဦးနှောက်အမြှေးရောင်တာကတော့ အဖြစ်နည်းပါတယ်။

EV71 ကြောင့်ဖြစ်တဲ့ HFMD မှာတော့ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်အသားရောင်ခြင်း၊ နှလုံး၊ အဆုတ်တွေကို ဒုက္ခပေးခြင်းတွေ ဖြစ်တတ်ပြီး အသက်အန္တရာယ်ရှိစေနိုင်ပါတယ်

Question:

HFMD ဖြစ်ရင် ဘယ်လိုကုသမှုခံယူရမလဲ ?

Answer:

လောလောဆယ်အထိတော့ HFMD ကုဖို့ တိကျတဲ့ ကုထုံးမရှိပါဘူး။ လူနာအနေနဲ့ ရေများများသောက်ဖို့ လိုအပ်မှာဖြစ်ပြီး ရေအေးအေးလေး၊ သစ်သီးဖျော်ရည်အေးအေးလေးမျိုးကို နည်းနည်းချင်းနဲ့ ခဏခဏတိုက်ကျွေးပေးရပါမယ်။ ဖျားတာ၊ နာတာတွေအတွက်တော့ အကိုက်အခဲပျောက်ဆေး မှီဝဲလို့ရပါတယ်။ အရေးကြီးတာက ခံစားနေရတဲ့ လူနာကလေးငယ်ရဲ့ အခြေအနေကို ကြည့်ပြီး အဖျားကြီးရင်၊ အဖျားကြာရင်၊ မှိန်းတာများနေရင်၊ အစာမ၀င်ရင်၊ တက်ရင်၊ သတိမကောင်းရင် စတဲ့ လက္ခဏာတွေပေါ်လာရင်တော့ ဆေးရုံတက်ပြီး ကုသမှုခံယူရပါလိမ့်မယ်။

Question:

HFMD မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ?

Answer:

တိရစ္ဆာန်တွေဆီကနေတစ်ဆင့်တော့ HFMD ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး မကူးစက်စေနိုင်ပါဘူး။

လူနာရဲ့ နှပ်၊ ချွဲသလိပ်၊ တံထွေး၊ ၀မ်းအညစ်အကြေးတွေ၊ အနာကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့မိတဲ့အခါ ကူးစက်စေတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါမကူးစက်၊ မဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် လူနာနဲ့ ထိတွေ့ပြီးတဲ့အခါ၊ အိမ်သာအသုံးပြုပြီးချိန်နဲ့ အစားအစာမကိုင်တွယ်ခင်အချိန်တွေမှာ မိမိရဲ့ လက်နှစ်ဖက်စလုံးကို ဆပ်ပြာနဲ့ ရေနဲ့ သေသေချာချာ ဆေးကြဖို့ အရေးကြီးပါတယ်။

HFMD ဖြစ်ပွားနေတဲ့ ကလေးတွေကို ရောဂါဖြစ်နေတုန်း ကျောင်းတက်ခိုင်းလို့ မဖြစ်ပါဘူး။

ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ပြီးမှ ချောင်းဆိုး၊ နှာချေရပါမယ်။

HFMD လူနာကလေးငယ်အား ရောဂါဖြစ်ပွားစဉ် နမ်းရှုံ့ခြင်းမျိုး မပြုရပါ။

လူနာအသုံးပြုပြီးတဲ့ စွန့်ပစ်ပစ္စည်းတွေကို သေချာစနစ်ကျစွာ စွန့်ပစ်ရပါမယ်။

အိမ်တွေ၊ ကလေးဂေဟာတွေ၊ မူကြိုနဲ့ ကျောင်းတွေမှာ ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်အောင် ပုံမှန်ထိန်းသိမ်းဆောင်ရွက် ရပါမယ်။ 


ref:CJmyanmar

No comments:

Post a Comment