Thursday 9 August 2012

တရားရေး အရာရှိများ ကာကွယ်ပေးသည့် ဥပဒေ ရုပ်သိမ်းရန် အဆို မဲခွဲ ဆုံးဖြတ်

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် သင်္ဃန်းကျွန်း မြို့ နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် အဆို တင်သွင်းထားခဲ့သော တရားရေးအရာရှိများ ကို ကာကွယ်ပေးသည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေမှာ နှစ်ပေါင်း ၁၆၀ ကျော် ကြာမြင့်ခဲ့သည့် အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ တန်းတူ အခွင့်အရေးထက် ကျော်လွန် အကာကွယ်ပေး ထားကြောင်း၊ အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေသော တရားစီရင်ရေး လမ်းကြောင်းကို ထိန်းကျောင်းနိုင် ရန် အတွက် အဆိုပါ ဥပဒေကို ရုပ်သိမ်းရန် လိုအပ်လျက်ရှိပါကြောင်း ဦးသိန်းညွှန့်က ဆွေးနွေးခဲ့သည်။
ယင်းအဆိုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်က ပြန်လည်   ဆွေးနွေးခဲ့ရာတွင် တရားရေး အရာရှိများအား ကာကွယ်ပေးသည့် ဥပဒေမှာ တရားသူကြီးများ၏ အဂတိ လိုက်စားမှုကို အကာအကွယ်ပေးထားခြင်း မရှိပါကြောင်း၊ တရားစီရင်ရေး တာဝန်ကို ဆောင်ရွက်ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်းများကို တရားမမှုဖြင့် စွဲဆိုခြင်းမှ ကင်းလွတ်စေရန် အကာအ ကွယ်ပေး ထားခြင်းသာဖြစ်ပြီး အဂတိ လိုက်စားမှုနှင့် မတော် မတရားမှုများကို အရေးယူရန် ပိတ်ပင် ထားခြင်း မရှိပါကြောင်း အမရပူရမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆွေးနွေး ခဲ့သည်။
သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ရှိမရှိ ဆိုသည်မှာ တရားရုံး၌ စစ်ဆေးခံရာ၌ ပေါ်ပေါက်သွားမည့် ကိစ္စရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူ့အခွင့်ရေး ကြေညာ စာတန်းပါ သတ်မှတ်ချက်များအရ တရားသူကြီးများကို နိုင်ငံသားများနှင့် တန်းတူ အခွင့်အရေးသာ   ပေးရမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

ဦးသိန်းညွှန့်၏ အဆိုကို ပြည်သူ့လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၂၁ မဲ၊ ကန်ကွတ်မဲ ၂၂၄မဲ၊ ကြားနေမဲ ၃၇ မဲ ရရှိခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့ရသည်။

သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်မှာ တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေအား ပြင်ဆင်/ရုပ်သိမ်းရေး အဆို၊ ၁၉၅၀ ပြည့် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ( ၅ ) ည အား ပြင်ဆင်ရေး အဆို၊ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများအား မှတ်ပုံတင်ခွင့်ပြုရေး အဆိုတို့ကို တင်သွင်းခဲ့သူ ဖြစ်သည်။

No comments:

Post a Comment