Wednesday 17 December 2014

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကျော်ဘ၏ သားကို တရားစွဲရန် စီစဉ်

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဘ ၏ သားဖြစ်သူကို သေကြောင်း ကြံစည်မှု၊ အကျိုးဖျက်ဆီးမှု၊ ဝတ္တရား နှောင့်ယှက်မှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် တရားစွဲရန် စီစဉ်နေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းကြည်က ပြောကြားသည်။

အသက် ၄၄ နှစ်ရှိ ဦးအောင်အောင်ဦးသည် နိုဝင်ဘာလ ၂၇ ရက် နံနက် ၃ နာရီက ဒဂုံမြို့နယ်ရှိ အမှတ် ၉၅၄ ဆောက်လုပ်ရေး အင်ဂျင်နီယာ (GE) တပ်ခွဲဝင်းအတွင်း ဝင်ရောက်ကာ အိမ်ထောင်သည် လိုင်းခန်းရှေ့တွင် ပစ္စတိုသေနတ်ကို မိုးပေါ်ထောင် ပစ်ဖောက်ခဲ့သောကြောင့် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဥပဒေ အကြံပြုချက်ရတာနဲ့ တရားစွဲဆိုဖို့ စီစဉ်ထားတာ။ ဒီလထဲမှာ ဥပဒေ အကြံပြုချက် ထွက်လိမ့်မယ်။ လက်ရှိစခန်းမှာ သူ့ကို ထိန်းသိမ်းထားတယ်” ဟု ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ပစ္စတို သေနတ်ထုတ်ကာ မိုးပေါ် နှစ်ချက်ဆင့် ထောင်ပစ်ခဲ့သော၊ ရန်ကင်း မြို့နယ်၊ ဘောက်ထော် (၁၆) ရပ်ကွက်တွင် နေထိုင်သော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးကျော်ဘ၏သား ဦးအောင်အောင်ဦးကို စစ်သည်များက လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း ယင်းတပ်ဝင်းအတွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

“ဘာကြောင့် တပ်ထဲလာပြီး သေနတ် ပစ်ဖောက်ခဲ့တယ်ဆိုတာ ရုံးတော်မှာ စစ်ဆေးမှပဲ သိရမယ်။ ကနဦး တပ်ပိုင်းက အရင်စစ်ဆေးပြီးပြီ ဖြစ်ပေမယ့် ကျွန်တော်တို့ဘက်ကို စစ်ဆေးချက်တွေ မလွှဲပေးသေးလို့ မသိရသေးဘူး” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဆောက်လုပ်ရေး အင်ဂျင်နီယာ (GE) တပ်ခွဲဝင်းအတွင်း မောင်းနှင်လာသော ဦးအောင်အောင်ဦး၏ ယာဉ် အတွင်းမှ ဗြောက်အိုး၊ ရှူးဒိုင်းများနှင့်အတူ ပစ္စတို သေနတ် နှစ်လက်၊ ကျည်ကတ် တစ်ကတ်၊ ခေါက် ဓားတစ် ချောင်းနှင့် စတီးတုတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

The Voice Weekly 

No comments:

Post a Comment