Thursday 9 August 2012

အေမီဝိုင်းဟောက်စ်၏ ခင်ပွန်းဟောင်း အရက်နှင့်မူးယစ်ဆေးကြောင့် အသက်အန္တရာယ် စိုးရိမ်ရ

 
အေမီဝိုင်းဟောက်စ်၏ ခင်ပွန်းဟောင်း ဘလိတ် ဖီလ်ဒါဆီဗီလ်သည် ယခုအခါ အရက်နှင့် မူးယစ်ဆေး စွဲလန်းမှုများကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ရှိလာကြောင်း သိရသည်။ နာမည်ကျော် R&B ဂီတအဆိုတော် အေမီကိုယ်တိုင်လည်း ဘလိတ်နှင့် စပ်ဆက်၍ အရက်အလွန်အကျွံ စွဲလန်းကာ အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ယခုအခါ အသက်(၃၀)အရွယ် ဘလိတ်သည် ဇနီးဟောင်း ခံစားခဲ့ရသည့် ဝေဒနာမျိုးကို ထပ်တူ ကြုံတွေ့ ခံစားနေသည်။ ၎င်းသည် အရက်အလွန်အကျွံ သောက်သုံးရာမှ အိပ်ရာထဲတွင် ဆိုးဆိုးရွားရွား မွန်းကျပ် ချောင်းဆိုးနေသည့်နောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့ကုသမှု ခံယူခဲ့ရသည်။ 



ဗြိတိန်နိုင်ငံ၊ အနောက်ယော့ခ်ရှိုင်းယားရှိ ဒုစ်ဘယ်ရီမှ ဆေးရုံတွင် ဘလိတ်အား ကုသပေးနေရပြီး အလေးအနက် စောင့်ကြည့်နေရကြောင်း သတင်းများက ဆိုသည်။ ဘလိတ်အား အသက်ကယ် ဆေးဝါးကုသစက်များဖြင့် ချိတ်ဆက်ပေးထားရပြီး ၎င်း၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အချို့မှာ အလုပ်မလုပ်တော့ဟု သိရသည်။ ဘလိတ်နှင့် (၁၅)လအရွယ် သားငယ်ဂျက်ကို မွေးဖွားထားသည့် ချစ်သူ ဆာရာအက်စ်ပင်က မိမိသည် ဘလိတ်အနေဖြင့် လုံးဝမနိုးထတော့မည့် အခြေအနေကိုပါ   တွေးတော ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

The Sunနှင့် တွေ့ဆုံရာတွင် ဆာရာက "ဆရာဝန်တွေက ဘာဖြစ်မယ်ဆိုတာ မသိနိုင်သေးဘူးလို့ ပြေပါတယ်။ ကိုမာ ဝင်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူတို့က ကျွန်မကို အသိပေးခဲ့တယ်"ဟု ပြောဆိုသွားခဲ့သည်။ ဆာရာက သူမနှင့် ဘလိတ်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကမှ လက်ထပ်ရေးကိစ္စကို ဆွေးနွေးခဲ့သေးကြောင်းလည်း ဖွင့်ဟသွားသည်။ သူမသည် ဘလိတ် လျှာလိပ်ကာ အဆက်မပြတ် ချောင်းဆိုးပြီး ထိုးအန်နေချိန်တွင် သူနာပြုများအား ဖုန်းဆက် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ "(၄၅)မိနစ်လောက် ကြာတော့ သူတို့က ကျွန်မကို ဘလိတ်ရဲ့ လက်တွေကို ကိုင်ထားခွင့် ပေးပါတယ်။   နောက်မှ ကျွန်မ သိရတာက သူတို့အဲဒီလို လုပ်ခွင့်ပေးတာက သူသေတော့မယ်လို့ ထင်လို့ပါ"ဟုလည်း ဆက်လက် ပြောကြားသွားသည်။  


ref:planet

No comments:

Post a Comment