Thursday 9 August 2012

မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးတွင်းကာလ ပုံမှန်ရေကြီးခြင်းမျိုးမဟုတ်ဘဲ ရေကာတာများနှင့် အင်းများကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေ

ပုသိမ်ခရိုင် ဒါးကမြို့အနီးရှိ ရထားလမ်းပေါ်၌ ရေကျော်နေစဉ်
ယခုနှစ်မိုးရာသီကာလအတွင်း မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေရာ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိရေကြီး မှုဖြစ်စဉ်များတွင်မိုးတွင်းကာလပုံမှန် ရေကြီးခြင်းမဟုတ်ဘဲ   ရေကာတာ များ၊ အင်းများနှင့် ဆက်စပ်ဖြစ်ပေါ် သော ရေကြီးရေလျံမှုများ ပါဝင်လာ ကြောင်း သတင်းရရှိပါသည်။
ယခုနှစ်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကဲ့သို့သော ဒေသ အချို့မှအပဒေသအများစုတွင်မိုးလယ် ကာလ မိုးရွာသွန်းမှုများကောင်းမွန် နေပြီးရေကြီးမှုဖြစ်စဉ်များသည် ဧရာ ၀တီမြစ်၊ ချင်းတွင်းမြစ်စသော မြစ် ကြီးများအပါအ၀င်သံလွင်မြစ်၊ စစ် တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ င၀န်မြစ်တို့တွင်ဖြစ်ပေါ်လာကြောင်း သိရှိရသည်။

မိုးရာသီကာလအတွင်း ရေ ကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရလေ့ရှိသည့်ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင်ယခုနှစ်မိုးရာသီ ကာလအတွင်း တာကျိုးပေါက်မှု၊ တာနိမ့်ကျမှု စသည်တို့ကြုံတွေ့ခဲ့ရ သည့်မြို့နယ်များရှိကာ လယ်ယာ မြေ၌ရေနစ်မြုပ်သည့် ဖြစ်စဉ်များ လည်းရှိခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက တည်ဆောက်ခဲ့သည့်ကန်ကြီးထောင့် မြို့နယ်ရှိ ဒါးကမြို့နှင့် မန္တလေးကုန်း   ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ် ထားသော အရှည်ပေ ၃၇၀၀ ကျော်ရှိ သည့်ကျေးရွာ ချင်းဆက်   မြေသား ရေထိန်းတာတမံတစ်ခု သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ဒါးကမြစ် ရေကြီးမှုကြောင့် တာအလယ်ခန့်မှ နေ၍ အကျယ်ပေ ၁၆၀ ခန့် ကျိုး ပေါက်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ တာကျိုးမှုဖြစ်စဉ် ကြောင့် ဧက ၄၃၀၀ ခန့်ရေနစ်မြုပ် ခဲ့သည်ဟုပျဉ်းမငူကျေးရွာမှဦးအောင်   ကျော်ဦးက ပြောကြားခဲ့သည်။

လေးမျက်နှာမြို့နယ်ရှိ ထော်လာအင်းဂရမ်ဆည်ချက်အား ခွင့်ပြုသည့်ကာလရောက်မှသာ သတ်မှတ်ထားသောနေရာတွင် ပြုလုပ်ရမည်ဟု သက်ဆိုင်ရာမှ ညွှန်ကြားတားမြစ်ထားသော်လည်း မူလအတိုင်း ပြုလုပ်မှုများရှိနေကြောင်းလည်း ဒေသခံအချို့ က ဇူလိုင်လကုန်ပိုင်းက ပြောကြားခဲ့သည်။
''ထော်လာအင်းရဲ့ ဆည်ချက်ကို သတ်မှတ်ထားတဲ့နေရာရဲ့အထက် ရေမိုင်သုံးမိုင်ကျော်ကျော်လောက်မှာရှိတဲ့ ငါးဖယ်ချောင်း၊ ပျဉ်းမချောင်း၊ ငါးရှဥ့်ချောင်းသုံးခု ဆုံတဲ့နေရာအောက်မှာ လျောဆည်
ချထားတဲ့အတွက် ကျေးရွာအုပ်စု လေးခုက လယ်သမား ၆၀ ကျော်ရဲ့ လယ်ဧက ၅၀၀ လောက်
 နှစ်စဉ် ရေနစ်မြုပ်တာတွေ ရှိခဲ့ပါတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်သည်။''မြစ်ဝကျွန်းပေါ်ဒေသက မိုးများရင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို စိုးရိမ်ရတတ်တယ်။

ဒီဒေသက မြစ်အားလုံးက ရေတွေစုတဲ့နေရာလို ဖြစ်နေတယ်။ ဧရာဝတီမြစ်မှာ မိုးများ၊ ရေများရင် နောက်ဆုံး
သူ့ဆီပဲရောက်သလို ချင်းတွင်းမှာ မိုးများရေများရင်လည်း သူ့ဆီပဲရောက်တာပဲ။ အဲဒီဒေသမှာ
 ရေပြဿနာက တော်တော်လေးရှိတယ်''ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ညာရေကျဆင်းမှုများကြောင့် ပုသိမ်နှင့်ဟင်္သာတတို့ ဆက်သွယ်ထားသည့် ရထားလမ်းပိုင်းအား သြဂုတ်လ ၅ ရက်နေ့မှစတင်၍
 ခေတ္တရပ်နားထားရပြီး ပုသိမ်-ရန်ကုန်ကား လမ်းအချို့နေရာများ၌ ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

''ရေအခြေအနေ ကြည့်ပြီးတော့ ရထားသွားနိုင်တဲ့ မြို့တွေကို ထွက်နိုင်ဖို့တော့ စီစဉ်ထားပါတယ်''ဟု ပုသိမ်ဘူတာကြီးမှ လ/ထရုံပိုင်က ပြောကြားခဲ့သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ရာတွင် ဧရာဝတီမြစ်တွင် ဟင်္သာတမြို့နှင့် င၀န်မြစ်တွင် ငါးသိုင်းချောင်းမြို့တို့လည်း ပါဝင်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းရှိ ထိန်ငူ ရေကာတာသည် သြဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် နှစ်ကြိမ် နိမ့်ကျခဲ့ကြောင်း၊ ယခင်က ရေကာတာကျိုးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ အဆိုးဆုံးအဖြစ် ၁၉၉၁ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခုနစ်မြို့နယ်ခန့်မှ ဒေသခံပြည်သူများ ရေဘေးဒဏ်ကို ခံစားခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ င၀န်ရေကာတာ ရေတိုက်စားခံရ၍ ပျက်စီးလာသဖြင့် လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စုရှိ ဒေသခံများ ပန်းတာသစ်၏ ခံနိုင်ရည်ရှိမှုအပေါ် စိုးရိမ်နေကြကြောင်း သိရှိရပါသည်။
''ဒီနှစ် ၂၀၁၂ ခုနှစ်မှာတင် ရွှေဘိုစုပန်းတာဆိုပြီး အသစ်လုပ်ထားတာ တစ်နှစ်နီးပါးပဲ ရှိပါသေးတယ်။ အခုအခြေအနေက မူရင်းရေကာတာက င၀န်မြစ်ရေ တိုက်စားလာတဲ့အတွက်
 ရေထဲပါနေပါပြီ''ဟု ရွှေဘိုစုကျေးရွာမှ ဒေသခံတစ်ဦးက ဇူလိုင် လကုန်ပိုင်းက ပြောပြခဲ့သည်။

ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးရှိ င၀န်မြစ်ထိန်းဗောဓိ ရေကာတာသည် လွန်ခဲ့သည့် နှစ်မိုးနှောင်းကာလက မိုင်တိုင်အမှတ် (၄၅ /၆ နှင့် ၄၅/ရ) နေရာတို့ ကမ်းပါးပြိုကျခဲ့သော်လည်း ကြီးမားသည့် သဘာဝဘေးတစ်စုံတစ်ရာဖြင့် ရင် မဆိုင်ခဲ့ရပါက ယခုနှစ် စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

င၀န်မြစ်ထိန်းရေကာတာသည် ဟင်္သာတမြို့မှ သာပေါင်းမြို့နယ်အထိ မိုင်ပေါင်း ၇၄  မိုင်ရှည်လျားပြီး တာတစ်လျောက်တွင် ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း စသည့်မြို့နယ်များကိုဖြတ်၍
 ဖောက်လုပ်ထားသည်။''အခုတာကျိုးလို့ ပြုပြင်ထားတဲ့နေရာက မြို့နဲ့သိပ်နီးတယ်''ဟု  ငါးသိုင်းချောင်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

''မြစ်ဝကျွန်းပေါ်က ရေကြီးမှုတွေနဲ့ပတ်သက်လို့တော့ ကျွန်တော့်မှာ အချက်အလက်စုထားတာ မရှိသေးဘူးပေါ့။ ဒါပေမဲ့ ဒီလို ပတ်ဝန်းကျင် အနေအထားတွေကြောင့်လည်း ပါမှာပဲဆိုတာတော့
 ပြောနိုင်တယ်။ မိုးကောင်းရင်တော့ လာမယ့်ကာလ တွေမှာလည်း မြစ်ဝကျွန်းပေါ်ဒေသအနေနဲ့
 ရေကြီးရေလျံမှုအတွက် အစိုးရိမ်ရဆုံး ဒေသဖြစ်နေတာမို့ သတိပြုစေချင်ပါတယ်''ဟု
 ဒေါက်တာထွန်းလွင်က ပြောပါသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း မြစ်ချောင်းများတွင် ရေကြီးရေလျံမှုဖြစ်ပေါ်သော
 ဖြစ်စဉ်များသည် မြစ်ကြမ်းပြင် မြင့်တက်ခြင်း၊ သစ်တောပြုန်းတီးခြင်းကြောင့် မြေဆီလွှာများ
 ရေတိုက်စားမှု ဖြစ်ပေါ်ခြင်းတို့နှင့် ဆက်စပ်ဖြစ်ပေါ်ကာ မိုးရွာသွန်းမှု ကောင်းမွန်သည်နှင့်
 မြစ်ချောင်း၌ ရေလက်ခံနိုင်စွမ်း အားနည်းပါးသည့်အတွက် ရေကြီးရေလျံမှုများကို ပိုမိုကြုံတွေ့လာရသည်။

ref:EMG

No comments:

Post a Comment