Thursday 9 August 2012

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်း

ပြည်ထောင်စုလွှတ်တော်မှ စစ်ဆေးရန် တာဝန်ပေးပါက အစိုးရအဖွဲ့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို 'စစ်ဆေးကာ တင်ပြရမည့်အချက် ပါဝင်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်းကို သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်တိုးက တင်သွင်းခဲ့သည်။

ဥပဒေကြမ်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁ (က) တွင်ပါရှိသော ''ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်(သို့မဟုတ်) အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံတော်၏အရ အသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း''ဆိုသည့် စကားရပ်ကို ''ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်၏ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တင်ပြခြင်း၊ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း''ဟူသော စကားရပ်ဖြင့် အစားထိုးရမည်။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁ (ည)တွင်ပါရှိသော ''မိမိ၏ ဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း''ဆိုသည့်စကားရပ်ကို ''မိမိ ၏ ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို   နိုင်ငံတော်သမ္မတထံသို့ တင်ပြသည်နှင့် တစ်ပြိုင်တည်းတွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း''ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေ ဥပဒေပုဒ်မ ၁၁ (ဌ)၏ နောက်တွင်(ဍ)ကို အသစ်ဖြည့်စွက်ချက်အနေဖြင့် ''ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ပြည်ထောင်စု ၀န်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်း အကောင်အထည်   ဖော်ဆောင် ရွက်မှုကို စစ်ဆေးရန် တာဝန်ပေးအပ်လာပါက စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံတင်ပြခြင်း''ဟူသည့် အပုဒ်ကို ဖြည့်စွက်ထားကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေကြမ်းကိုအတည် ပြုပြဋ္ဌာန်းသင့်ပါကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံတင်ပြခဲ့သည်။
အကျိုးနည်းသော ဆည်မြောင်းစီမံကိန်းများ၊ အစိုးရ၀န်ကြီးဌာနအချို့၏ ငွေကြေးဆိုင်ရာအလွှဲသုံးစားပြုမှုများ စစ်ဆေးတွေ့ရှိခဲ့သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာများ ယခင်ကဲ့သို့ လွှတ်တော်သို့ တင်ပြလာခြင်းမရှိတော့၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

ref:EMG

No comments:

Post a Comment