Thursday 9 August 2012

ဆီးရီးယားအရေးကိစ္စတွင် နိုင်ငံခြားတိုင်းပြည်များမှ ကြားဝင်စွက်ဖက်မှုအား အီရန်နိုင်ငံက ကန့်ကွက်

ဆီးရီးယား နိုင်ငံအရေး ကိစ္စအား နိုင်ငံခြားမှ ကြားဝင်စွက် ဖက်မှုများကို အီရန် နိုင်ငံအနေဖြင့် ကန့်ကွက် ကြောင်း ဆီးရီးယား နိုင်ငံသို့ အလည်အပတ် ခရီးရောက် ရှိနေသော အီရန်အမျိုးသား လုံခြုံရေး ဦးသျှောင်ကောင်စီ အတွင်းရေးမှူး Saeed Jalili က သြဂုတ်လ ၇ ရက်နေ့တွင် အလေးထား   ပြောကြားခဲ့ပါသည်။
 ဆီးရီးယားနိုင်ငံ၏ အနာဂတ် အတွက် ဆီးရီးယား ပြည်သူများမှသာ ဆုံးဖြတ်ချက်ချရန် ခွင့်ပြုပေးခြင်းသည် ၄င်းတို့၏ လွတ်လပ်မှုပင် ဖြစ်ကြောင်း၊ နိုင်ငံခြားမှ ဝင်ရောက်စွက်ဖက် မှုမပြုလုပ်သင့်ကြောင်း၊ လာမည့်သြဂုတ်လ ၁၆ ရက်နေ့တွင် ဆီးရီးယား ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပွဲ တစ်ရပ်အား အီရန်နိုင်ငံတွင် လက်ခံကျင်းပ မည်ဖြစ်ကြောင်း သြဂုတ်လ ၇ ရက်နေ့တွင် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ် အာဆတ်နှင့် တွေ့ဆုံ ဆွေးနွေးပြီး နောက်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် Jalili က ပြောကြားခဲ့ပါသည်။ 

ဆီးရီးယားအရေး ကိစ္စပြေလည်မှု ရရှိရေးလမ်းကြောင်းသည် နိုင်ငံရေး နည်းလမ်းသာလျှင် ဖြစ်ကြောင်း၊ စစ်ရေးနည်းလမ်း တစ်ရပ် မဟုတ်ကြောင်း သြဂုတ်လ ၇ ရက်နေ့ အစောပိုင်းတွင် ဒမက်စကတ် သို့ ရောက်ရှိစဉ် Jalili က ပြောကြားခဲ့ပါသည်။ ဆီးရီးယား နိုင်ငံတွင်းရှိ လက်နက်ကိုင် သူပုန်များအား စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု များပေးနေသော နိုင်ငံများအားလည်း Jalili က ပြင်းထန်စွာ ပြစ်တင်ရှုတ် ချခဲ့ပါသည်။ အီရန်ဘုရားဖူး ၄၈ ဦး ပြန်ပေးဆွဲ ခံရသောကိစ္စ နှင့်ပတ်သက်၍ ၄င်းဘုရားဖူးများ အနေဖြင့် မိသားစုများထံသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိ စေရေးအထောက် အကူဖြစ်သည့် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အီရန်နိုင်ငံက ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။
 
 Jalili သည် လက်ဘနွန်မှတစ်ဆင့် ဆီးရီးယားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ တူရကီ အရာရှိများနှင့်   တွေ့ဆုံဆွေးနွေးရန် တူရကီနိုင်ငံ သို့လည်းသွား ရောက်မည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။ ဆီးရီးယား နိုင်ငံအနေဖြင့် အကြမ်းဖက် သမားများနှင့် အကြမ်းဖက် ဝါဒအား အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်ချက် ချထားကြောင်း သြဂုတ်လ ၇ ရက်နေ့တွင် Jalili တွေ့ဆုံဆွေးနွေးစဉ် ဆီးရီးယား သမ္မတဘတ်ရှာအယ်လ် အာဆတ် က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment