Thursday 9 August 2012

မိုးရွာသွန်းမှု များလာသောကြောင့် ချင်းတောင်နှင့် ချင်းတောင်ခြေရှိ ကားလမ်းများ သွားလာရ ခက်ခဲနေကြောင်း သိရ

မိုးရွာသွန်းမှု များလာသောကြောင့် ချင်းတောင်ပေါ်ရှိ ကားလမ်းများနှင့် ချင်းတောင်ခြေရှိ ကားလမ်းများ သွားလာရခက်ခဲလာသည်ဟု သိရှိရပါသည်။
''သြဂုတ်လဆန်းပိုင်းမှာ မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းကနေ လာခဲ့တယ်။ လမ်းတွေက အတော်ဆိုးတော့ တချို့ကားတွေ လမ်းချော်၊ တိမ်းစောင်းတာတွေ ဖြစ်နေတယ်။ ကားဝင်ချိန်လည်း ပုံမှန်ချိန်တွေထက် နောက်ကျပြီးမှရောက် တယ်''ဟု ရန်ကုန်မှကလေးမြို့သို့ လိုက်ပါလာသူတစ်ဦးက   ပြောပါသည်။ ချင်းတောင်ခြေနှင့် ချင်းတောင်ဒေသတို့၏ အဓိကဆက်သွယ်ရေးသည် ကားလမ်းများကိုသာ အဓိကအားထား အသုံးပြုကြရသည်ဟု သိရှိရပါသည်။

''ကလေးမြို့နဲ့ မြောက်ပိုင်းချင်း တောင်ဒေသတွေက အဓိကဆက်သွယ်ရေးက ကားလမ်းပဲ။   လေယာဉ်ဆိုတာရှိပေမယ့် လေယာဉ်လက်မှတ်ခက ဈေးကြီးတော့ သာမန်ပြည်သူတွေအနေနဲ့ မစီးနိုင်ကြဘူး။ ကားလိုင်းတွေကိုပဲ အားကိုးရတယ်။ ကား လမ်းတွေပိတ်သွားရင် ဆက်သွယ်ရေး ပြတ်တောက်သွားရော။ ဒီနယ်က ကားလမ်းတွေ ရာသီမရွေး အဆင်ပြေပြေသွားနိုင်တဲ့ လမ်းဖြစ်စေချင်တယ်''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။

မိုးရာသီကာလအတွင်းတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ချိတ်ဆက်ထားသော ကားလမ်းများသည်လည်း သွားလာရန် ခက်ခဲသည်ဟု သိရသည်။

''ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ကျီခါး၊ ရိဒ်ခေါရ်ဒါ စတဲ့မြို့တွေကိုသွားတဲ့ ကားလမ်းတွေလည်း မိုးရာသီဆိုရင်သွားလာဖို့ ခက်ခဲပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေး လမ်းဆိုပေမယ့် အသွားအလာခက် တယ်။ ဒီလမ်းကိုအိန္ဒိယနိုင်ငံက အဆင့်မြှင့်တင်မယ်ဆိုပေမယ့် အခုအထိ ဘာမှဆောင်ရွက်တာ မတွေ့ရသေးဘူး။ ချင်းပြည်နယ်ရဲ့ အဓိက ဆက်သွယ်ရေးက ကားလမ်းတွေပဲ။ ကားလမ်းတွေကောင်းတယ်ဆိုရင် ဒေသတွင်း သွားလာမှုရယ်၊ နယ်စပ်ကုန်သွယ်ရေးရယ်က တိုးတက်လာ မှာပါ။ ခုတော့ လမ်းခရီးခက်ခဲတော့ ကားတွေ မကြာခဏ တိမ်းမှောက်မှုတွေ ကြုံတွေ့နေရတယ်''ဟု တီးတိန်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ref:EMG

No comments:

Post a Comment