Thursday 9 August 2012

မိုးရွာသွန်း၍ရွှေပြည်သာ၌ရေကြီးကယ်ဆယ်ရေးစခန်းဖွင့်လှစ်စောင့်ရှောက်လျက်ရှိ


ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပွားနေသည့် ရန်ကုန်တိုင်းဒေသကြီး   ရွှေပြည်သာမြို့နယ် အတွင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လိုအပ်သည့် စောင့်ရှောက် ကူညီမှုများ ပေးလျက်ရှိကြောင်း သိရသည်။

သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် အတွင်းရှိ (ဒ/၁၇) ရပ်ကွက်တွင် မိုးရွာသွန်းမှုကြောင့် ရေအမြင့် သုံးပေမှ ငါးပေခန့်အထိ ရေကြီးမှုဖြစ်ပွားရာ နေအိမ် ၁၀၁ လုံးမှ အိမ်ထောင်စု ၁၀၁ စုရှိ ကျား ၂၂၄ ဦး၊ မ ၂၂၄ ဦးတို့ အပါအဝင် စုစုပေါင်း ၄၄၈ ဦးအား ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သန္ဓေတပ်ဖွဲ့ဝင် ငါးဦးနှင့် အရန်တပ်ဖွဲ့ဝင် ၂၅ ဦးတို့က အဆိုပါ ရွှေပြည်သာမြို့နယ် (ဒ/၁၇) ရပ်ကွက် အပိုင်း(၃) မှော်ဘီလမ်း၌ရှိသော အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကယ်ဆယ်ရေးစခန်းဖွင့်ကာ စောင့်ရှောက်ကူညီခဲ့ကြသည်။

သြဂုတ် ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အဆိုပါ (ဒ/၁၇) ရက်ကွက် အတွင်း၌ပင် ရေအမြင့် သုံးပေမှ ငါးပေခန့်အထိ ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် အိမ်ခြေ ၇၅ လုံးမှ အိမ်ထောင်စု ၇၈ စု၊ ကျား ၁၆၁ ဦး၊ မ ၁၅၉ ဦးတို့အား အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကယ်ဆယ်ရေးစခန်းတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ တို့မှ လိုအပ်သည့် စောင့်ရှောက် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 
 
ယခုအထိ အဆိုပါ မြို့နယ်၌ စောင့်ရှောက် ကူညီခဲ့သူများမှာ အိမ်ထောင်စု ၂၀၀၊ ကျား ၄၃၅ ဦး၊ မ ၄၄၉ ဦးတို့ အပါအဝင် စုစုပေါင်း ၈၈၄ ဦးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment