Tuesday 12 June 2012

အမေ့ထက်သားတစ်လကြီး


ကျွန်တော်ဟာ (၈၈) အရေးအခင်းကာလ ဒီမိုကရေစီလှုပ်ရှားမှုကနေစပြီး ဒီနေ့အထိ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်မှုများမှာ နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ ဘက်တော် သားတစ်ယောက်ပါ။ ဒါကြောင့်လည်း ဒီမိုကရေစီအတွက် ယုံကြည်ချက်အပြည့်နဲ့ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲ ၀င်ခဲ့ကြတဲ့ လူထုခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကိုကြည့်ပြီး အားကျမိပါတယ်။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေ၊ ပြောကြားချက်တွေကို နှစ်ခြိုက်အားပေးထောက်ခံရင်း နိုင်ငံရေးသင်ခန်းစာများကို လေ့လာသင်ယူခဲ့သူပါ။ သူတို့ရဲ့အောင်မြင်မှုတွေကို လက်ခုပ်တီးအားပေးရင်း ကျရာကဏ္ဍကနေပြီး ပါဝင် နေသူဆိုရင်လည်း မမှားပါဘူး။ 
        
ဒါကြောင့်လည်း စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ကြံ့ကြံ့ခံပြီး ဒီမိုကရေစီအတွက် တိုက်ပွဲ ၀င်နေတဲ့ အမေစုဟာ ကျွန်တော်တို့လူငယ်တွေရဲ့ လမ်းပြမီးအိမ်ပါပဲ။ အမေစုရဲ့ ရဲရဲတောက်မိန့်ခွန်း တွေဟာကျွန်တော်တို့လူငယ်တွေအတွက် အားမာန်တွေ ဖြစ်ခဲ့သလို လိုက်နာဆောင်ရွက်ရမဲ့ မှာကြားချက် တွေလို့ခံယူလိုက်နာခဲ့ပါတယ်။ အမေစုရဲ့ပြောကြားချက်တိုင်းလိုလိုမှာ တရားဥပဒေစိုးမိုးဖို့၊ ပွင့်လင်းမြင်သာ မှုရှိဖို့နဲ့ ပြည်သူလူထုကို ဦးထိပ်ထားဆောင်ရွက်ဖို့ဆိုတာတွေ အမြဲပါရှိတတ်တာကို သတိပြုမိပါတယ်။ ဒါကြောင့်လည်း နဂိုက စည်းနဲ့ကမ်းနဲ့ မနေတတ်တဲ့ကျွန်တော်ဟာ တစ်ကိုယ်ရေ စည်းကမ်းတကျ နေတတ်/ပြောတတ်ဖို့ နေထိုင်ရင်း ဥပဒေဘောင်အတွင်းမှာ နေတတ်လာပါတယ်။ (၈၈)တုန်းကဆို ဒီက ကောင်ဘယ်ရလိမ့်မလဲ ခေါင်းထဲမှာစွဲနေတာက “ရရင်ရ မရရင်ချ၊ ရရ မရရ ချ” ဆိုတဲ့အသိပဲ ရှိခဲ့တယ် ဆိုတာ ၀န်ခံပါတယ်။ ခုတော့အမေစုရဲ့ဒီမိုကရေစီသင်ခန်းစာနဲ့သဘောတရားတွေပေါ်မှာ သက်ဝင်ယုံကြည် လာပြီး ဒီမိုကရေစီရေချိန်မမြင့်တောင် ဒီမိုကရေစီလိမ္မာရေးခြားတော့ ရှိခဲ့ပါပြီ။
          ဒီလိုနဲ့အထိမ်းသိမ်းခံဘ၀ကအမေစုလွတ်ခဲ့ပါတယ်။ဒီနောက်အမေစုနဲ့ NLD ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ် နဲ့ တိုက်ပွဲဝင်မှုအရ ယုံကြည်ချက်ကြောင့် အကျည်းကျခံနေရတဲ့ ရဲဘော်ရဲဘက်တွေလွတ်မြောက်လာသလို၊ NLD ဟာ ရွေးကောက်ပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမေစုနဲ့ NLD ကိုပြည်သူက ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်။ ဒါတွေဟာ အမေစုရဲ့ အောင်ပွဲ၊ NLD အောင်ပွဲနဲ့ ကျွန်တော်တို့ရဲ့ အောင်ပွဲလို့ခံယူပါတယ်။ (ကျွန်တော့်ရဲ့ခံယူချက်ပါပဲ)။
ဒါကြောင့် အမေစုဟာ တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ ပြည်သူ့ ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပါတယ်။ အမေစုရဲ့ အပြော အဆို၊ အနေအထိုင်၊ ၀တ်စားဆင်ယင်မှု၊ ကိုယ်ကျင့်တရား၊ ဆုံးဖြတ်လုပ်ကိုင်ပုံနဲ့ ယုံကြည်ချက်၊ ခံယူချက် တွေဟာ မြန်မာနိုင်ငံသားတွေရဲ့စံ၊ မြန်မာအမျိုးသမီးထုရဲ့စံတစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည် သလို အမေစုလည်း ခံစားသိရှိမယ်ဆိုတာ ယုံကြည်ပါတယ်။
          ကျွန်တော်ပြောခဲ့သလို အမေစုအပေါ် အများကြီးယုံကြည်မျှော်လင့်ထားခဲ့တာပါ။ ဒါကိုဂျာနယ် တစ်စောင်မှာ “ငါ့သမီး တော်လှတော်လှ ယောင်းမမြင်းစီးထွက်ဖို့” ရေးသားချက်ကို ဖတ်ရတော့ ဘယ်သူ့ ကို ရည်ညွှန်းတယ်ဆိုတာ သိတာပေါ့။ ကျွန်တော်တို့ လူငယ်တွေ တော်တော်ခံပြင်းမိတယ်။ ရေးသားတဲ့ ဖိုးဖိုး ကိုလည်း တော်တော်ဒေါသထွက်ပြီး အထင်သေးခဲ့မိတယ်။ ဘာမှမပြောသာလို့သာ နေခဲ့ရတယ်။ စိတ်ထဲကတော့ “နေနှင့်ဦးပေါ့ အဖိုးရာ” လို့တော့ မှတ်ထားခဲ့မိပါတယ်။
          ဒီလိုနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမေစုအပါအ၀င် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဘူးလို့ လုပ်ခဲ့ကြတယ်။ ဒီမှာ ကျွန်တော်တို့ လူငယ်တွေ သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးဖြစ်ကြတာ အစုံပါပဲ။ နောက်ဆုံးမှာ ရရှိတဲ့အမြင်က အနိုင်ရပြီးသားရလဒ်ကို ဘာလို့အဆုံးရှုံးခံမှာလဲ၊ ပြည်သူတွေက အမေစုနဲ့ NLD ကို လူထုကိုယ်စားလှယ်အဖြစ် သဘောထားပြီး လွှတ်တော်ထဲလွှတ်တာကို လူထု မျက်နှာဘာလို့ မကြည့်တာလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရာ ရောက်ရဲ့လား ဆိုတာ တွေပါပဲ။
          နောက်တော့ လွှတ်တော်တက်မယ်လို့ ဆုံးဖြတ်ကြောင်း သိရမှ စိုးရိမ်နေတဲ့ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ ဒါပေမဲ့ ခေါင်းထဲမှာ ဥပဒေကို လေးစားလိုက်နာဖို့၊ တရားဥပဒေစိုးမိုးဖို့ ပြောလေ့ရှိတဲ့ အမေစုဘယ်လိုဖြစ်ပြီး ဥပဒေအပေါ်တက်ချင်နေပါလိမ့်ဆိုတဲ့ အတွေးရယ်၊ ယောင်းမမြင်းစီးမထွက်ဖို့ ဖိုးဖိုး ရဲ့ သတိပေးစကားတွေက ကျွန်တော်တို့လူငယ်တွေရဲ့ ခေါင်းကိုနောက်ကျိစေခဲ့ရပါတယ်။
          ခေါင်းနောက်နေတုန်းမှာပဲ “ဒို့အမေစု ဘန်ကောက်မှာလုပ်မဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ပြီး ပြောမယ်ကွ” ဆိုပြီးသူငယ်ချင်းတွေကပြောတော့ ထပြီးလက်ခမောင်းခတ်မိတယ်။ ဒါမှအစိုးရကို မယုံသေး လို့ မလာကြသေးတဲ့ ပြည်ပကုမ္မဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ဒို့အမေစုခေါ်လာမှာ၊ သူ ခေါ်လာမှ တို့တွေ ကြုံတွေ့နေရတဲ့ စီးပွားရေးမပြေလည်မှုတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေ ပြေလည် သွားမှာလို့ ၀မ်းသာအားရ ဖြစ်မိသလို အစိုးရမလုပ်နိုင်တာကို အမေစုက လုပ်နိုင်တယ်လို့ ဂုဏ်ယူဖို့ ပြင်ထားခဲ့ပါတယ်။
          အမေစု မိန့်ခွန်းပြောမဲ့ (၁-၆-၂၀၁၂)ရက်လဲရောက်ရော မျှော်လင့်တကြီးနဲ့ Internet နဲ့ သတင်း ဌာနအသီးသီးက သတင်းထုတ်ပြန်မှုတွေကို စောင့်ပြီး နားထောင်မိသလို မိန့်ခွန်းအပြည့်အစုံနဲ့ ဘိုသံပီသ လှတဲ့ အမေစုရဲ့ အသံအပြည့်အစုံကို ကြားနိုင်ဖို့ CNN,VOA,BBC,Channel News Asia တွေမှာ မျှော်လင့်ချက်ကြီးစွာနဲ့ နားထောင်ခဲ့ပါတယ်။
          အမေစုရဲ့ ကျွမ်းကျင်ပိုင်နိုင်လှတဲ့အပြောမှာ ကျွန်တော်တို့လိုပဲ ဖိုရမ်တက်လာတဲ့ ပရိတ်သတ်ကြီး ကစီးမျောလိုက်ပါပြီး နားထောင်နေကြမယ်လို့ ယုံကြည်မိခဲ့ပါတယ်။ ဒါပေမဲ့ မိန့်ခွန်းပြောမှု ခရီး ရောက်လာ တာနဲ့အမျှ ကျွန်တော်တို့လူငယ်တွေ အားယုတ်စပြုလာပါပြီ။ ဖိုရမ်တက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ မျက်လုံး တွေကလည်း စိုးရိမ်စပြုလာတာကို တွေ့မြင်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအပေါ် မဆင်မခြင်သဘော အကောင်းမမြင်ဖို့နဲ့ သန့်ရှင်းသော၊ လွပ်လပ်သော၊ တရားစီရင်ရေး စနစ်မရှိတဲ့အကြောင်း၊ ရင်းနှီးမြှပ်နှံသူများကို သတိပေးပြောဆိုသွားခဲ့တာကြောင့် ဖြစ်ပါတယ်။ ကျွန်တော် စိတ်အထင် အမေစုဟာ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းတွေ အလွန်များနေတယ်လို့ ပြောနေပြီဆိုတော့ ဒီအလုပ်လက်မဲ့တွေ အလုပ်ရသွားအောင် ရင်းနှီးမြှပ်နှံသူတွေကို ခေါ်တော့မယ်လို့ ရင်ခုန်မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့လည်း အမေစုက ကျွန်တော်တို့ ထင်သလို ပြည်ပစီးပွားရေးကုမ္မဏီတွေ၊ ရင်းနှီးမြှပ်နှံသူတွေကို သွား ခေါ်တာမဟုတ်ပဲ၊ မလာဖို့ သွားတားနေပါလားဆိုတာ သိလိုက်ရပါတယ်။ လာချင်နေတဲ့ ရင်းနှီးမြှပ်နှံသူ တွေတောင် လာဖို့တွန့်သွားမယ် ထင်တယ်။ ကျွန်တော်တို့ မျှော်လင့်တောင့်တတဲ့ ၀င်ငွေဖြောင့်ဖြူးမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း အိပ်မက်တွေ ပျက်လွင့်ကုန်ပါပေါ့ဗျာ။
          ဒီထက်ဆိုးတာက မိန့်ခွန်းပြောကြားမှုနဲ့ အမေးအဖြေကဏ္ဍတစ်လျှောက်လုံးမှာ မြန်မာကို Burma လို့ သုံးနှုန်းသွားတာကြားလိုက်ရတာပါပဲ။ အမေစုမိန့်ခွန်းမှာ ထည့်ပြောသလို မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုတွေအားလုံး စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ မြန်မာလို့ခေါ်ရမှာ မဟုတ်ဘူးလား။ အမေစုခေါ်တဲ့ Burma က အဓိကဗမာလူမျိုးကိုပဲ ကိုယ်စားပြုတာမဟုတ်လား။ နိုင်ငံရဲ့အမည်ကို  ဥပဒေနဲ့အညီ တရားဝင် ပြဌာန်းပြီး ဒါအမေစုသတိလက်လွတ်များဖြစ်သွားတာလား။ နိုင်ငံအမည်ပြောင်းတာ ဘာများဆန်းလို့ပါလဲ၊ နိုင်ငံတကာမှာလည်းသီဟိုကို သီရိလင်္ကာ၊ ပီကင်းကို ဘေဂျင်းလို့ ပြောင်းခဲ့ကြတာပဲလေ။ ယခုလို ပြောင်းလိုက်ခြင်းကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုမိုရရှိစေတယ်လို့ ယုံကြည်ပါတယ်။ ဘန်ကောက်ခရီးစဉ်အပြီးမှာတော့ အမေစုက ခရီးစဉ် အောင်မြင်တယ်လို့ဆိုတယ်။ ကျွန်တော်တို့မှာတော့ မျှော်လင့်ချက်ရောင်ခြည်တွေ လွင့်ပျယ်ကုန်တဲ့အပြင် တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေလေးစား လိုက်နာ ရေးလို့ စံပြုလောက်အောင် ပြောတတ်တဲ့အမေစု ခုတစ်ကြိမ်လဲ Burma လို့ပြောပြီး တရားဥပဒေအပေါ်ကို တက်ဖို့ကြိုးစားပြန်ပြီလားဆိုတာရယ်၊ ယောင်းမမြင်းစီးပြန်ပြီလားလို့ ၀မ်းနည်းစွာတွေးမိပါတယ်။ ဒီလိုသာ မြင်းခဏခဏစီးပြနေရင် လူထုအရိုအသေတန်လာမှာ စိုးရိမ်မိပါတယ်။ မြန်မာလူမျိုးတွေ ဒီမိုကရေစီ သက်တမ်းနုသေးပေမယ့် အမှားအမှန် ချင့်ချိန်ဝေဖန်ပိုင်းခြားတတ်တဲ့ လူမျိုးဖြစ်လို့ စိုးရိမ်မိတယ် အမေစု ရယ်။ မကြာခင်မှာလည်း ပြည်ပခရီးကို သွားအုံးမယ်တဲ့။ ဒါကြောင့် အမေ့ထက် သားတစ်လကြီးတယ်ပဲ ဆိုဆို အမေ့ကိုအဖိုးပြောသလို “ ယောင်းမမြင်းစီးမထွက်ပါနဲ့တော့လို့” သတိပေးလိုက်ပါရစေ အမေစုရယ်။
         
             အညာသား

3 comments:

  1. She is not myanmar anymore. No hope for country. Sorry

    ReplyDelete
    Replies
    1. Right! What is she doing & what she want?

      Delete
  2. A May Su Ko Party Naing Gan Yae A Myin Htet A Myo Thar Naing Gan Yae A Myin Ko Po Pe Shi Say Chin Par Tal ... Party Htet A Myo, Bar Thar Nal Naing Gan Ka Po A Yae Kyee Thin Par Tal ///

    ReplyDelete