Wednesday, 29 April 2015

ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းကြတဲ့ ဗောဓိသမိုင်း

မြန်မာတို့၏ လတကာတွင် ကဆုန်လသည်အ မြတ်ဆုံးလဟု အသိအမှတ် ပြုကြသည်။ ဤသို့ အသိ အမှတ်ပြုရာ၌ အကြောင်းတရား ငါးပါးရှိသည်။ ပထမအကြောင်းမှာ ဘုရားအလောင်းတော် သုမေဓာရှင် ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ် ခံယူ ရရှိသည့်နေ့။ ဒုတိယ အကြောင်းမှာ မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့ နံနက် တစ်ချက်တီး အချိန်တွင် ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ဘုရားအလောင်း ဖွားမြင်တော်မူသည့်နေ့။ တတိယ အကြောင်း မှာ ဘုရားအလောင်းတော်သည် သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သစ္စာ လေးပါး သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့။ စတုတ္ထအကြောင်းမှာ ဖွားဖက်တော် ဖြစ်သော ဗောဓိပင်သည် ကဆုန်လပြည့်နေ့ တွင် ပေါက်ရောက်ခဲ့သည်။ ပဉ္စမအကြောင်းမှာ သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့၌ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်း ဖြစ်သည်။

ကဆုန်လပြည့်နေ့ ရောက်တိုင်း ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်ကို မြတ်ဘုရားရှင် ကိုယ်တော်မြတ် အဖြစ် ရည်မှန်း၍ ရေစင်၊ အမွှေးနံ့သာရည်များဖြင့် သွန်းလောင်း ပူဇော်ကြခြင်း ဖြစ်သည်။ ထိုအကြောင်း ရင်းမှာ မြတ်ဘုရားရှင်နှင့် မဟာဗောဓိပင်သည် ခွဲခြား၍မရပါ။ မဟာဗောဓိပင်သည် မြတ်ဘုရားရှင်၏ သင်္ကေတ ဖြစ်သည်။

မြတ်ဘုရားရှင်သည် (၃၅)နှစ်အရွယ်တော်၌ ဗောဓိပင်အောက်တွင် ပု၊ ဒိ၊ အာ ဟူသော ဉာဏ်တော် သုံးပါးကိုရလျက် သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူခဲ့သည်။ လပြည့်ကျော် တစ်ရက်နေ့မှစ၍ ပထမ သတ္တာဟအဖြစ် ဗောဓိပင်ရင်းတွင် ခုနစ်ရက် သီတင်းသုံးတော်မူသည်။ ဒုတိယသတ္တာဟတွင် ကျေးဇူး ကြီးမားသော ဗောဓိပင်ကို ဘုရားရှင်သည် အနိမိသကုန်းထက်မှနေ၍ ခုနစ်ရက်ပတ်လုံး မတ်တတ်ရပ်ကာ မမှိတ်မသုန်သော မျက်စိဖြင့် ရှုစားတော်မူကာ ကျေးဇူး ဆပ်တော်မူခဲ့သည်။

ဤနေရာ၌ ''ဗောဓိ''ဆိုသည်မှာ ဘုရားရှင်တို့၏ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုသော သဗ္ဗညုတ ဉာဏ်တော်ကို ဆိုလိုပါသည်။ ထိုဉာဏ်တော် ရရှိရာအရပ် ''အပရာဇိတ ရွှေပလ္လင် ထက်'' ၌ ပေါက်သောအပင်ကို ''ဗောဓိပင်''ဟုခေါ်ခြင်းပင် ဖြစ်ပေသည်။

မြန်မာနိုင်ငံအရပ်ရပ်၌ ဗောဓိပင်များ စိုက်ပျိုး ဖြစ်ပေါ်လာခြင်း အကြောင်းကို မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီး ဦးရှိန်အောင်ဗိုလ်က ဤသို့ရှင်းပြသည်။

မြတ်ဘုရားရှင်ကိုယ်စား ဗောဓိပင်ပွားများ စိုက်ပျိုးထားခဲ့သည်မှာ ''တေရသကနိပါတ် ကလိင်္ဂဗောဓိ ဇာတ်တော်''အရ ပြောမည်ဆိုရင် ဘုရားရှင် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဒါယကာ၊ ဒါယိကာမများက ပန်းနံ့သာ စသည်တို့ကို ကိုင်ဆောင်ပြီး ဘုရားရှင်ကို ပူဇော်ရန် လာရောက် ကြပါတယ်။ အဲဒီအချိန်မှာ မြတ်ဘုရားရှင်ဟာ သတ္တဝါများကို တရားဒေသနာဖြင့် ချီးမြှောက်ရန် ဒေသစာရီကြွချီသော အချိန်နှင့် တိုက်ဆိုင် နေသောကြောင့် မြတ်ဘုရားရှင်မရှိ ဖြစ်နေပါတယ်။ ဒါယကာ၊ ဒါယိကာမများက ဂန္ဓကုဋီတံခါးဝတွင် ပန်းနံ့သာတို့ကို ချ၍ ပြန်သွားကြရတယ်။ ဒီအကြောင်းကို အနာထပိဏ် သူဌေးကြီးက အရှင်အာနန္ဒာအား အကျိုးအကြောင်းစုံ လျှောက်ထားတဲ့အခါမှာ ''ရှင်တော်မြတ်ဘုရား ဒေသစာရီကြွချီ နေခိုက် ကိုယ်စားပူဇော်မှု ပြုလုပ်လိုပါ၍ မဟာဗောဓိပင်မှ မျိုးစေ့ကို ဇေတဝန်ကျောင်းတော် တံခါးမုခ်ဝမှာ စိုက်ထား လိုကြောင်း တောင်းပန် လျှောက်ထားကြတယ်။ မြတ်ဘုရားရှင်ကလည်း ''စိုက်ပျိုးထားလျှင် ငါအမြဲရှိသကဲ့သို့ ကောင်းလှပေတယ်'' ဟောကြား ခွင့်ပြုခဲ့တယ်။ အရှင်မောဂ္ဂလန် မထေရ်မြတ်ကြီးလည်း ဝမ်းမြောက် ဝမ်းသာဖြင့် ယူဇနာ ၆ဝ ကွာဝေးသော ဗောဓိမဏ္ဍိုင် ကုန်းတော်ကို ကောင်းကင်ခရီးဖြင့် ကြွချီ တော်မူပြီး ကြွေကျဆဲဖြစ်တဲ့ မဟာဗောဓိ မျိုးစေ့ကို လေထဲမှာပင် သင်္ကန်းဖြင့် ခံယူလာခဲ့ပြီး အရှင်အာနန္ဒာ အား ပေးအပ်ပါတယ်။ အဲဒီဗောဓိပင်မျိုးစေ့ကို ဇေတဝန်ကျောင်းက မြေသို့ ချစိုက်လိုက်ရာ တန်ခိုးတော် ကြောင့် မြေသို့ မရောက်မီ ထွန်တုံးပမာဏခန့် အတောင် ၅ဝ မြင့်လောက်သော နေရာကနေ ခက်မ ငါးဖြာနှင့် ပြည့်စုံစွာနဲ့ ဗောဓိပင်ကြီးဟာ အံ့သြဖွယ်ရာ ရုပ်ချည်းပေါ် ပေါက်လာခဲ့တာကို ကောသလ မင်းကြီးရော ရဟန္တာ မထေရ်ကြီးများပါ အနာထပိဏ်သူဌေးနှင့် ဝိသာခါ စတဲ့ အရိယာ ပုဂ္ဂိုလ်များစွာတို့က တအံ့တသြ ဖြစ်ကြပေတယ်။ အဲဒီဗောဓိ ညောင်ပင်အောက်မှာ မြတ်ဘုရားရှင်ဟာ တစ်ညတာ နိရောဓသမာပတ် ဝင်စားတော်မူတယ်။ ပသေနဒီ ကောသလမင်းကြီးနှင့် တိုင်းသူပြည်သား တို့လည်း အဲဒီ မဟာဗောဓိပင်ကို ဘုရားရှင် ကိုယ်တော်အလား ပန်းနံ့သာ၊ ဆီမီး စသည်တို့နဲ့ နေ့စဉ် ပူဇော်သက္ကာရ ပြုကြတယ်။ အဲဒီအချိန်က စပြီး ဗောဓိပင် ကိုယ်ပွားများ ဖြစ်ပေါ်လာတယ်'' ဟု ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အဲဒီဗောဓိပင်ကို အရှင်အာနန္ဒာ မထေရ် ကြီးမှူးစိုက်သဖြင့် ''အာနန္ဒာ ဗောဓိပင်ဟု အမည်တွင်ခဲ့တယ်။ ဗုဒ္ဓဂယာကို ဘုရားဖူးရောက်သူတိုင်း အာနန္ဒာ ဗောဓိပင်ကို ဇေတဝန် ကျောင်းဝင်းတွင် ယနေ့တိုင် ဖူးမြော်နိုင်ပါ တယ်''ဟု ပြောကြားပါသည်။

ဆက်လက်၍ ပဲခူးမြို့ ရွှေမော်ဓောဘုရား ဂေါပကအဖွဲ့ဝင် တိုင်းတရား သူကြီး(ငြိမ်း) ဦးစိုးသိန်းကလည်း အိန္ဒိယနိုင်ငံ ပါဋလီပုတ်ပြည့်ရှင် သီရိဓမ္မာ သောက မင်းတရားကြီးသည်လည်း အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်မြတ်၏ အမိန့် ရှိတော်မူသည့်အတိုင်း မဇ္ဈိမဒေသ ဘုရားပွင့်တော်မူရာ မူလ မဟာ ဗောဓိပင်ကြီးရဲ့ အင်းပျဉ်ပေါ်တွင် မင်းကြီးကိုယ်တိုင် လက်ယာတောင်ကိုင်းကို ရွှေစုတ်တံနဲ့ ဟင်္သပဒါး တို့ဖြင့် အမှတ်အသားပြုပြီး ''အကယ်၍ ဤမဟာဗောဓိပင်ကိုင်းသည် သီဟိုဠ်ကျွန်း၌ တည်အံ့၊ ငါသည် လည်း ဘုရားသာသနာ၌ ယုံမှားကင်းသည် ဖြစ်အံ့၊ ဤဗောဓိပင်သည် ရွှေဖျဉ်း၌တည်ပါ စေသတည်း''ဟု သစ္စာဆိုတယ်။ မင်းကြီး သစ္စာဆိုပြီးသည်နှင့် တစ်ပြိုင်နက် သတ်မှတ်ထားသောနေရာမှ ပင်စည်အမြင့် ဆယ်တောင်မျှရှိပြီး ဗောဓိသီးငါးလုံး ပါရှိသည့် လေးတောင်ခန့်မျှသော ခက်မငါးဖြာနှင့် ပြည့်စုံသည့် လက်ယာတောင် ကိုင်းသည် အလိုလိုပြတ်၍ ရွှေဖျဉ်း ထက်၌တည်လာတယ်။ အဲဒီဗောဓိပင် ကိုင်းနှင့် အသီးတို့ကို သီရိဓမ္မာ သောကမင်းကြီး၏ သမီးတော်ဖြစ်သော သင်္ဃမိတ္တာ ရဟန္တာထေရ်မက ပရိသတ် အခြံအရံများစွာနှင့်အတူ သီဟိုဠ်ကျွန်းသို့ ဦးဆောင်ပို့ပြီး စိုက်ပျိုးခဲ့ပါတယ်။

ဆက်လက်၍ သီဟိုဠ်နိုင်ငံသားတို့က အဲဒီဗောဓိပင်များမှ အကိုင်းနှင့်တကွ အရွက်များကို အမှုန့်ကြိတ်၊ သရိုးကိုင်ပြီး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ပုံများ ပြုလုပ် ကိုးကွယ်ကြတယ်။ အဲဒီဆင်းတုတော်ကို ဒက္ခိဏသာခါ၊ (ဒက္ခိဏ=တောင်+ သာခါ=အကိုင်း) ဆင်းတုတော်ဟု ခေါ်ဆိုကြတယ်။ သက္ကရာဇ် ၇၈၈ ခုနှစ်မှာ အင်းဝနေပြည်တော် နန်းစံ မိုးညှင်း မင်းတရားကြီး လက်ထက်မှာ သီဟိုဠ်နိုင်ငံမှ ဗုဒ္ဓရုပ်ပွားတော်အဆူ သုံးရာကျော်ကို ပဏ္ဏာ ဆက်သလာကြတယ်။ အဲဒီကစပြီး မြန်မာနိုင်ငံမှာ ဒက္ခိဏသာခါ ဆင်းတုတော်များ စတင်ပေါ်ပေါက်လာကြောင်း သမန္တစက္ခုဒီပနီကျမ်းတွင် မိန့်ဆိုသည်ကို ရှင်းပြသည်။

ယင်းသို့မြန်မာနိုင်ငံတွင် ဗောဓိပင် စိုက်ပျိုးသည့် အကြောင်းကို အချိန်ကာလ အစောဆုံးတွင် တွေ့ရှိရသည်မှာ သက္ကရာဇ် ၅၃၆ တွင် ပုဂံ၌ နန်းတက်တော်မူသည့် အလောင်းစည်သူမင်း၏ မြေးတော် နရပတိစည်သူမင်း လက်ထက်တွင် ပေါင်းလောင်း ရှင်ဟု ခေါ်ကြသော အရှင် ကဿပမထေရ်သည် သီဟိုဠ်သို့သွား ရောက်ကာ အပြန်ခရီးတွင် မဟာဗောဓိ ညောင်စေ့များကို ယူဆောင် လာပြီးနောက် နရပတိ စည်သူမင်း အား ပေးတော်မူကြောင်း မှတ်တမ်းဟောင်းများတွင် လေ့လာသိရှိရသည်။ ပင်းယ ခေတ်တွင် ဥဇနာမင်းကြီးသည် သက္ကရာဇ် ၇ဝ၂ ခုနှစ်တွင် ဗောဓိပင် စိုက်တော်မူ၏ဟု သာသနာ လင်္ကာရစာတမ်း ၁၂၆ တွင် ပြဆိုထားပေသည်။

မြန်မာနိုင်ငံသို့ ဗောဓိပင်များ ရောက်ရှိခဲ့သည့် သာဓကများနှင့် စပ်လျဉ်း၍ သက္ကရာဇ် ၅၆၃ ခုနှစ်တွင် ရေးထိုးခဲ့သော သင်ကြီးညောင်အုပ် ကျောက်စာနှင့် သက္ကရာဇ် ၆၅၃ ခုနှစ်တွင် ပုဂံမြို့ စောလှဝန်း ကျောက်စာတို့၏ အထောက်အထားများအရ ပုဂံခေတ်တွင် မဟာဗောဓိပင်များ ရှိနေပြီဖြစ်ကြောင်း လေ့လာရပေ၏။ ထူပါရုံ ဒါယကာမင်းနရပတိကြီး (၈ဝ၄ ခုနှစ်) လက်ထက်နှင့် ပြည်စုန်မင်း မဟာသီဟသူရ (၈ဝ၃ ခုနှစ်) လက်ထက်တို့ တွင်လည်း မဟာဗောဓိတို့ကို လှူသွားကြသည်ကို တွေ့ရှိရသည်။ မွန်ဘုရင်ဓမ္မစေတီမင်း (၈၃၃ ခုနှစ်)သည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီး၏ အနောက်မြောက် ဆံတော်ကြီး လမ်းရှိ ကုန်းတော် ယခုဗောဓိကုန်းပေါ်တွင် သီဟိုဠ်ဒက္ခိဏ သာခါဗောဓိပင်တော်မှရသော မျိုးစေ့ဖြင့် စိုက်ပျိုးထားသည်။

သက္ကရာဇ် ၁၁၆၈ ခု တပေါင်းလဆန်း ၇ ရက်နေ့တွင် ဘိုးတော် မင်းတရားကြီး သည် ရွှေတောင်သာဂသူ၊ ရွှေတောင်သီရိ စည်သူတို့အား မဇ္ဈိမ ဒေသ ဘုရားဖူးမှအပြန်တွင် မဟာပါလ ရိဂူသံဇိတ ဆက်သ လိုက်သည့် ဗောဓိပင်ငယ်နှစ်ပင်ကို ဘဝရှင်မင်းတရားကြီး ကိုယ်တိုင် စိုက်ပျိုးတော်မူ၏။ ထိုမင်းလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် မဇ္ဈိမဒေသ ဗုဒ္ဓဂယာမှ ဝန်ထောက်မင်းကြီးမဟာစည်သူ၊ စာရေးကြီး မင်းလှနန္ဒ ကျော်ထင် တို့ ပင့်ဆောင်လာသည့် မဟာဗောဓိပင်ကို ရွှေနန်းတော်၏ အနောက်တောင်မှာ အလုံဝန်ကြီး ကိုးကွယ်သည့်ကျောင်းတိုက်အတွင်း မင်းကြီးကိုယ်တိုင် စိုက်ပျိုးထားတော်မူခဲ့ကြောင်း လေ့လာရပေသည်။

MOI Webportal Myanmar

No comments:

Post a comment