Wednesday 29 April 2015

စားသုံးသူ အခွင့်အရေး အပြည့်အဝ ပေးပါ

ကျောင်းမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့် မသင့်လျော်သည့် စားသောက်ကုန်များကို ကလေးငယ် ကျောင်းသား များကို ရောင်းချနေသည်ဟု သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သည်။

သတင်းများ ထွက်ပေါ်လာတိုင်းလည်း သတိပေးချက်များဖြင့် အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

သို့သော် ယခုရက်ပိုင်းတွင်ပင် ကျောင်းမုန့်ဈေးတန်းများနှင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန် ၂၂ မျိုးမှာ စားသုံးရန် မသင့်သည့် အစားအစာများအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ကျောင်းနေအရွယ် ကလေးငယ်များ စားသုံးသည့် သရေစာမုန့်များအပြင် မီးဖိုဆောင်သုံး ပစ္စည်းများအထိ စားသုံးရန်မသင့်သော အစားအစာများပင် ပါဝင်သည်။

အလွန်အန္တရာယ်ရှိသည့် လုပ်ဆောင်မှုနှင့် သတိထားဖွယ်ရာ လုပ်ရပ်များပင်ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် စားသောက်ကုန်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းလည်း သတိပေးသည်။

ပြည်သူလူထုအားလုံး၏ ကျန်းမာရေးအတွက် အလွန်ရေးကြီးသည့် အခြေအနေတွင် ကျန်းမာရေး ဝန်ကြီး ဌာနသည် ထုတ်ပြန်ချက် ထုတ်ပြန်ရုံတင် မကဘဲ ဈေးကွက်ရှိ စားသောက်ကုန်များကို အမြဲမပြတ် စစ်ဆေးနေသည်။ စစ်ဆေးသည့်နည်းတူ ထိထိရောက်ရောက်လည်း အရေးယူသင့်သည်။

အကြောင်းမှာ လူပေါင်းများစွာအတွက် အန္တရာယ် အလွန်များလှသည့် လုပ်ဆောင်မှုဖြစ်ခြင်းကြောင့် ပင်။ စားသုံးသူ အခွင့်အရေး မရှိသေးသည့် မြန်မာနိုင်ငံတွင် ပြည်သူတို့၏ အခြေအနေသည် ကျန်းမာရေး အသိပညာကိုလည်း ပညာပေးရန် များစွာလိုအပ်လှသည်။

မြန်မာနိုင်ငံတွင်း စားသုံးသူများ၏ အခြေအနေသည် လိုင်းကားများ၊ အငှားကားများ အပြေးအလွှား သွားနေ သည့် လမ်းမပေါ်မှ ဖုန်များနှင့် လမ်းဘေးတွင် ဈေးရောင်းချနေသည့် အစားအသောက်များကို ကျန်းမာရေး ရှုထောင့်မှ ချိန်ထိုးကြည့်ပါက မည်သို့မျှ စားသုံးရန် မသင့်သည့် အစားအစာများ ဖြစ်နေနိုင်သည်။

သို့သော် ဤအခြေအနေကို မည်သူမျှ ဂရုစိုက်လှသည်ကို မတွေ့ရခြင်းက လွန်စွာဝမ်းနည်းဖွယ် အခြေ အနေ ပင်ဖြစ်သည်။

ပြည်သူတို့၏ ကျန်းမာရေး အသိပညာ ချို့တဲ့သည့်နည်းတူ ကျန်းမာရေးဝန်ကြီးဌာန၏ ပညာပေးမှုကလည်း မရှိသလောက်ရှားသည့် အခြေအနေဖြစ်နေရာ အနာဂတ် မြန်မာပြည်သူတို့၏ အသက်ရှည်ကျန်းမာမှုသည် စိုးရွံ့ဖွယ်ပင်ဖြစ်သည်။

ပြည်ပတိုင်းပြည်များတွင် စားသုံးသူတို့အတွက် များစွာအကာအကွယ် ပေးထားသည်ကို တွေ့နိုင်ပါသည်။ အစိုးရတစ်ရပ်၏ ပြည်သူများအပေါ် ထားရှိသည့် စေတနာကို အသိအမှတ်ပြု နမူနာယူသင့်သည်။

ဧပြီ ၂၈ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် နိုင်ငံတကာ ဈေးကွက်များ သို့ မြန်မာနိုင်ငံမှ ငရုတ်သီး၊ သရက်သီး၊ ကျွဲကော၊ ပိန္နဲစသည့် အသီးအနှံများကို ခေတ်မီဆေးကြောစက် များဖြင့် ဆေးကြောသန့်စင်ပြီးမှ ထုပ်ပိုးတင်ပို့မည့် သတင်းတစ်ရပ် ဖေါ်ပြထားသည်။

စားသုံးသူများအတွက် အစဉ်အလေးထားသည့် နိုင်ငံများ၏ နမူနာယူသင့်သော လုပ်ဆောင်မှုပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ နယ်စပ်မှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ ကြက်ဥ အတုကဲ့သို့သော စားကုန်များနှင့် အန္တရာယ်အရှိဆုံးဖြစ်သော ဆေးဝါးအတုများပင် မြန်မာနိုင်ငံတွင်း ဝင်ရောက်ပြန့်နှံ့သည့် သတင်းများ မကြာခဏ ကြားရလေ့ရှိသည်။

ထို့အခြေအနေမှန်များကို သဘောပေါက်ရန်နှင့် ထုတ်ပြန်ချက်နှင့် တားမြစ်ချက်များ သာမကဘဲ အမှန် တကယ် ပြင်းထန်ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းပါသည်။ စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ထုတ်လုပ် ရောင်းချနေသူများကိုလည်း သမာအာဇီဝကျသည့် စီးပွားရှာခြင်းဖြင့်သာ စီးပွားရှာကြရန် မေတ္တာရပ်ခံပါသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment