Wednesday 29 April 2015

အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက် ဇူလိုင်လ နောက်ဆုံးထား ကြေညာမည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ဇူလိုင်လ နောက်ဆုံးထား ကြေညာထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကြိုတင်ပြင်ဆင်ထား သော လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကျင်းပဖို့ နေ့ရက်ကို ဇွန်လ သို့မဟုတ် ဇူလိုင်မှာ ကြေညာပေးရမှာပါ။ ဘာလို့လဲဆို အောက်တိုဘာလကုန်လို့ ကျွန်တော်တို့က သတ်မှတ်ထားပြီးသားလေ။ အချိန်သိပ်မလိုတော့ဘူးဟု ၎င်းက ဆိုသည်။

အဆိုပါ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို တရားဝင် ကြေညာပြီးနောက် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်း အပြီးသတ်ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တောင်းခံခြင်းနှင့် မဲဆန္ဒ နယ်များ သတ်မှတ်ခြင်း စသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အခြေခံမဲဆန္ဒရှင် စာရင်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆင့်ဆင့် ကောက်ယူနေပြီး တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို သြဂုတ်လအတွင်း အပြီးသတ်ပြုစုမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ များက ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် ကြေညာပြီးမှသာ ကိုယ်စားလှယ်လောင်း အမည်စာရင်းနှင့် မဲဆန္ဒနယ် များ ကို ထုတ်ပြန်မည် ဖြစ်ကြောင်း အဆိုပါ ပါတီများက ထုတ်ဖော်ပြောကြားထားသည်။

ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို ရွေးကောက်ပွဲမကျင်းပမီ သုံးလအလိုတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ နည်းဥပဒေ များတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် နေ့တွင်ကျင်းပခဲ့ပြီး ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။

အလားတူ ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာ လဆန်းအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထားသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် အတိအကျ ကိုမူ ကြေညာခြင်း မရှိသေးပေ။

The Voice Weekly 

No comments:

Post a Comment