Wednesday 29 April 2015

ရေပိုင်နက် အငြင်းပွားမှု အာဆီယံ ထုတ်ပြန် ကြေညာချက်ကို တရုတ် ချေပ

တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစု အချို့တွင် တရုတ်က အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ကြောင့် ရေကြောင်း လွတ်လပ်ခွင့် ထိပါးမည်ကို စိုးရိမ်မိကြောင်း အာဆီယံ အဖွဲ့ ကြီးက ထုတ်ပြန် ကြေညာမှုကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက ပြန်လည် ချေပ ပြောကြားကြောင်း သိရသည်။

တောင်တရုတ် ပင်လယ် အတွင်း ကျွန်းတစ်ကျွန်းတွင် တရုတ်က လေယာဉ်ပြေးလမ်း အပါအ၀င် အခြေခံ အဆောက်အအုံ လုပ်ငန်းများ ဆောင်ရွက်နေ သဖြင့် တရုတ်နှင့် ရေပိုင်နက် အငြင်းပွား နေသော အိမ်နီးချင်း နိုင်ငံများ စိုးရိမ်မကင်း ဖြစ်နေကြသည်။ တောင်တရုတ် ပင်လယ် အတွင်း အငြင်းပွားရေပြင်တွင် တရုတ်က အခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်း များကြောင့် အပြန်အလှန် ယုံကြည်မှုကို ထိခိုက်နိုင် သလို၊ ငြိမ်းချမ်းရေး ကိုလည်း ထိပါးစေ နိုင်ကြောင်း အဖွဲ့ဝင် ဆယ်နိုင်ငံ ရှိသော အာဆီယံ အဖွဲ့ကြီး၏ ကွာလာလမ်ပူမြို့ အစည်းအဝေးတွင် ကြေညာချက် ဖတ်ကြား ခဲ့သည်။

အာဆီယံနှင့် တရုတ်ကြားက ပြဿနာ မဟုတ်သည့် တောင်တရုတ်ပင်လယ် အရေးကို အာဆီယံ အနေဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း အတွက် များစွာ စိုးရိမ်မိကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟောင်လီက ထုတ်ပြန် ပြောကြားသည်။ တောင်တရုတ်ပင်လယ် ပိုင်နက်ရေပြင် အငြင်းပွားမှုသည် သက်ဆိုင်ရာ နိုင်ငံများချင်းသာ ဆွေးနွေး အဖြေရှာရမည့် ကိစ္စ ဖြစ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။ ရေကြောင်း လွတ်လပ်ခွင့် ထိပါးစရာ အကြောင်း မရှိကြောင်းလည်း မစ္စတာဟောင်က အာမခံ ပြောကြားသည်။

တောင်တရုတ် ပင်လယ် (၉၀) ရာခိုင်နှုန်းလောက် ထိကို တရုတ်က ၎င်းတို့ ပိုင်ဆိုင်ကြောင်း ဆိုထားသည်။ အိမ်နီးချင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ် တို့ ကလည်း တောင်တရုတ်ပင်လယ် အတွင်း သက်ဆိုင်ရာ အပိုင်းများကို ပိုင်ဆိုင်ကြောင်း ကြေညာထားရာ ပိုင်ဆိုင်မှု အငြင်းပွားမှုများ ပေါ် ပေါက်လျက်ရှိသည်။  အငြင်းပွားနေသော စပရတ်တလေ ကျွန်းပေါ်တွင် တရုတ်သည် လေယာဉ်ပြေးလမ်း အပါအ၀င် အခြေခံ အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်လျက် ရှိသည်။

Source: AFP
Messenger News Journal 

No comments:

Post a Comment