Wednesday 29 April 2015

Baltimore ဆူပူမှုတွင်ပါဝင်သည့် လူငယ်တဦးအား မိခင်က လူလယ်ခေါင်တွင် ရိုက်နှက် ခေါ်ထုတ်၊ တနှစ်တာ မိခင်ဆုပေးသင့်ဟု ချီးကျုးစကားများဆို

အမေရိကန်ပြည်ထောင်စု ဘော်လ်တီမိုးတွင်ဖြစ်ပွားလျက်ရှိသော ဆူပူမှုတွင်ပါဝင်သည့် ကျောင်းသား အရွယ်လူငယ်တဦးအား မိခင်ဖြစ်သူက ငေါက်ငမ်းရိုက်ပုတ်၍ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ယင်း လုပ်ရပ်ကြောင့် အဆိုပါမိခင်ကို ယခုနှစ်အတွက် အကောင်းဆုံးမိခင်ဆု အပ်နှင်းသင့်ကြောင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ရေးသားချီးကျုးကြကြောင်း သိရသည်။

ယင်းအမျိုးသမီး မည်သူမည်ဝါဖြစ်ကြောင်း သေချာစွာမသိရသေးပေ။ မျက်နှာဖုံးစွပ်ဝတ်လျက် ရဲတပ်ဖွဲ့ဝင် များကို ခဲဖြင့်ပစ်ပေါက်နေသည့်သားဖြစ်သူကို တီဗီမှတဆင့်တွေ့မြင်ရာတွင် ဒေါသအမျက် ချောင်းချောင်း ထွက်၍ အော်ဟစ်ငေါက်ငမ်းကာ ကိုယ်ထိလက်ရောက် ဆုံးမပြီး သွားရောက်ခေါ်ဆောင်သွားခဲ့သည်ကို မြင်တွေ့ရသည်။ ယင်းသို့ လူလယ်ခေါင် ရိုက်ပုတ်ခံရစဉ် သားဖြစ်သူက မိခင်လက်မှလွတ်မြောက်ရန် ကြိုးပမ်းခဲ့ရသည်ကိုလည်း တွေ့မြင်ရသည်။

ယင်းဗီဒီယိုကို WMAR မှ ရရှိခဲ့ခြင်းဖြစ်သည်။ ဘော်လ်တီမိုး ရဲမင်းကြီး အန်ထော်နီဘတ် က ဖော်ပြပါ ဖြစ်ရပ်ကို သတင်းစာရှင်းလင်းစဉ် ထည့်သွင်းပြောကြားသွားသည်။ 

“ဖြစ်စဉ်တခုမှာဆိုလို့ရှိရင် အမေတယောက်က ဆူပူမှုမှာပါဝင်တဲ့ မျက်နှာဖုံးစွပ်ထားတဲ့သူ့သားကြောင့် အရှက်ရမိလို့ ရိုက်ပုတ်ခေါ်ဆော်သွားတာတွေ့ရတယ်။ အဲဒီလို မိခင်မျိုးတွေ များများစားစားထွက်ပေါ်လာပြီး ဒီည သူတို့သားသမီးတွေကို လာရောက်ထိန်းကျောင်းတာမျိုး ဖြစ်စေချင်တယ်။ ကိုယ့်သားသမီးကို ကိုယ်ထိန်းကြပါ။ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ မြို့ပါ။ ထူးထူးခြားခြား လုပ်ပြလိုက်ရအောင်။”ဟု ၎င်းက ပြောသည်။

လူမှုကွန်ယက်များပေါ်တွင် အဆိုပါအမျိုးသမီးကို “Mother Of The Year” ဟု ချီးကျုးခေါ်ဆိုခဲ့ကြပြီး အမျိုးသမီးတဦးက “ဘော်လ်တီမိုးမှာ ရဲတပ်ဖွဲ့မလိုဘူး။ ဒီလို မိဘမျိုးတွေသာ များများလိုအပ်တာပါ”ဟု ရေးသားခဲ့သည်။

အခြားတဦးကလည်း “ဆူပူမယ်ဆိုရင် ကိုယ့်မိဘက အိုကေရဲ့လား သေချာအောင်အရင်လုပ်ကြဟေ့”ဟု နောက်ပြောင်ရေးသားခဲ့သည်။

News Watch

No comments:

Post a Comment