Tuesday 6 January 2015

တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ လက်အောက်တွင်သာ ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် ပြော

တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ လက်အောက်တွင်သာရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်မှ ယမန်နေ့က ပြောကြား လိုက်သည်။ ယမန်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ ကိုယ်စား လှယ်များ တွေ့ဆုံစဉ်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း RCSS/SSA  မှ ဗိုလ်မှူး စိုင်းလှက ပြောသည်။ နိုင်ငံရေး ပိုင်းဆိုင်ရာ မှာ နိုင်ငံကို  ဦးစီး ဦးဆောင်ပေး နေတဲ့ ဦးသျှောင် အဖွဲ့ အစည်း ရှိပါ တယ်။ သမ္မတ ဦးစီး ဦးဆောင်မှု အောက်မှာပဲ  တပ်မတော်က လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အပစ်အခတ် ရပ်စဲရေး အတွက် ဥပဒေနှင့် အညီ ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ ဘက်မှ လည်း ဒေသအတွင်း ဥပဒေနှင့် အညီ နေထိုင် ကျင့်သုံးသွား စေရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်တွန်း ပြောကြား ခဲ့ပြီး၊   တပ်မတော်ဘက်မှ ဥပဒေ ချိုးဖောက်သည့် တပ်မတော်သားများ ကိုလည်း အရေးယူ သွားမည် ဖြစ်ကြောင်း  ကာကွယ်ရေး ဦးစီးချုပ်က ပြောကြား ခဲ့ကြောင်း ဗိုလ်မှူး စိုင်းလှက ဆိုသည်။

ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ လုပ်ကိုင် သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊  နိုင်ငံ၏  ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် နေရာတွင်လည်း ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့် အညီ ဆောင်ရွက်သွား ကြရန်  ပြောကြားခဲ့ကြောင်း  သိရသည်။

တပ်မတော်သည် အစဉ်အလာအရ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်သည်ဆိုသည့်  ဆောင်ပုဒ် အတိုင်း နေသွားရမည်ဖြစ်ပြီး၊ ပြည်သူလူထုမှ တပ်မတော်ကိုလွှမ်းမိုးသည့် ကိစ္စရပ်များကို တပ်မတော်သား များက လေးလေးနက်နက် ပျော်ပျော်ရွှင်ရွှင် လွတ်လပ်စွာခံယူသင့်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးက ပြောကြား ထားသည်။

Messenger News Journal 

No comments:

Post a Comment