Tuesday 6 January 2015

သံသယကင်းကင်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲများဆီ ချီတက်သွားရန် ကာကွယ်ရေး ဦးစီးချုပ်တိုက်တွန်း

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်များသည် သံသယကင်းကင်းဖြင့် နိုင်ငံရေး ဆွေးနွေး ပွဲများ ဆီသို့ ဆက်လက်ချီတက်ကြရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်န၀ါရီ ၅ ရက် တွေ့ဆုံပွဲတွင် တိုက်တွန်းလိုက်သည် ဟု တွေ့ဆုံခဲ့သည့် တိုင်းရင်းသားများက ဆိုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့နှင့် ဇန်န၀ါ ရီ ၅ ရက် မွန်းတည့် ၁၂ နာရီ ကျော်မှ မွန်းလွဲ ၂ နာရီခွဲထိ နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် တွေ့ဆုံရာ ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်စောမြ ရာဇာလင်း က “တပ်ရဲ့ မူ ခြောက်ချက်ကို ပြင်ပေးမယ်လို့တော့ မပြောဘူး၊ ဒါပေမဲ့ တိုင်းရင်းသားတွေ ဘက်က ပြောတဲ့ အကြံပြုချက်တွေကိုလည်း ဆုံးဖြတ်ရမယ် ဆိုရင် ထည့်စဉ်းစားမှာပါရယ်၊ ငြိမ်းချမ်းရေးကို တစ်စိုက်မတ်မတ်သွားနေပြီးသွေဖည်လို့ မရတဲ့အပြင် သမိုင်းက တောင်းဆိုနေတဲ့ အချိန်ဖြစ်နေပြီလို့ လည်း ပြောပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားတို့နှင့် တပ်မတော်အကြား ကွဲလွဲမှုရှိနေသည့် တပ်မတော်မူ ခြောက်ချက်အပေါ် ပြင်ဆင်ရန် ပြောဆိုခဲ့ ခြင်းမရှိသော်လည်း တိုင်းရင်းသားတို့ တင်ပြသည့် အချက်များအပေါ် မူတည်ပြီး စဉ်းစားဆောင် ရွက်ပေးမည်ဟု ကာကွယ်ရေးဦးစီးချုပ်က ကတိပြုခဲ့သည်ဟု ၎င်းက ဆိုသည်။

နှစ်နာရီခွဲကြာ တွေ့ဆုံမှုတွင် တိုင်းရင်း သားတို့ဖက်ကလည်း ငြိမ်းချမ်းရေးတွင် တပ်မတော်အစိတ်အပိုင်း အားလုံးပါဝင်ရေး၊ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကို လက်ရှိအချိန်တွင် သွေးထွက်သံယို နည်းနိုင်သမျှ အနည်းဆုံးနှင့် အဆုံးသတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် ကာကွယ်ရေး ဦးစီးချုပ် ထံ တောင်းဆိုခဲ့ကြသည်။

ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ အလုပ်အမှုဆောင်၊ နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာကလည်း တိုင်းရင်းသား တို့ ပြင်ဆင် နေသည့် ဖက်ဒရယ် တပ်မတော်သည် အနာဂတ်တွင် အရှည်တည်တံ့စွာ ရပ်တည် နိုင်ရေးအတွက် ကြိုတင်စဉ်းစားခြင်းသာ ဖြစ်ပြီး၊ စင်ပြိုင်အာဏာအတွက် ယှဉ်ပြိုင် ခြင်းမဟုတ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် သမ္မတ၏ ဦးဆောင်မှုဖြင့် တပ်မတော်က လိုက်ပါဆောင်ရွက်နေပြီး သမ္မတ အကောင်အထည်ဖော်မှုများအပေါ် လိုက်ပါဆောင်ရွက်ခြင်း၊ သမ္မတလျှောက်လှမ်းသည့် လမ်းကြောင်း အတိုင်းသာ လိုက်ပါသွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သေးသည်။

ယင်းအပြင် ဗိုလ်ချုပ်အဆင့် တာဝန်ယူထားသည့် တိုင်းရင်းသား တပ်မတော်အရာရှိများကိုလည်း တိုင်းရင်းသားလက်နက်ကိုင် များနှင့် တွေ့ဆုံစေကာ တပ်မတော်က ပြည်ထောင်စုတပ်မတော်အဖြစ် ပြင် ဆင် မှုများပင် ထားရှိထားပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုခဲ့သည်ဟု ဒေါ်စောမြ ရာဇာလင်းက ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကရင်အမျိုးသားအစည်းအရုံး၊ “၀” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၊ “၀” ပြည် သွေးစည်း ညီညွှတ်ရေးပါတီ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- မိုင်း လား၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် မိုင်းလား၊ ကလို့ထူးဘော ကရင်အစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်၊ မွန်ပြည်သစ်ပါတီ ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း ရခိုင်ပြည် လွတ်မြောက် ရေးပါတီ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီတို့နှင့် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment