Tuesday 6 January 2015

မြေယာကိစ္စ ဖြေရှင်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေ

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် ရက်စွဲနဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီ သတင်းထုတ်ပြန် ကြေညာချက် တစ်ရပ် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ မြေယာပြဿနာတွေကို ဖြေရှင်းဆောင်ရွက် ပေးတဲ့နေရာမှာ -

အစီရင်ခံစာအပိုင်း (၁)၊ (၂)၊ (၃)မှာ မြေယာကိစ္စအမှုပေါင်း (၇၄၅)မှု ပါရှိပါတယ်။ ဒီအပေါ်မှာ အမှုအားလုံး ကို ရာနှုန်းပြည့် စိစစ်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

အစီရင်ခံစာအပိုင်း (၄)၊ (၅)၊ (၆) (၇)မှာ မြေယာကိစ္စအမှုပေါင်း (၆၈၇၀)မှု ပါရှိပါတယ်။ အပိုင်း(၄)နဲ့ (၅)အတွက် (၇၉.၈၅%) စိစစ်ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ အပိုင်း (၆)နဲ့ (၇)မှာပါရှိတဲ့ အမှုကိစ္စ တွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီတွေက စိစစ်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါတယ်။

သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီအသီးသီးမှ (၃၀-၁၁-၂၀၁၄) ရက်နေ့ထိ စိစစ်ပြီး ဖြစ်သည့် ပြန်လည်စွန့်လွှတ်မည့် မြေကိစ္စအမှုတွဲများအနက်

သက်ဆိုင်သူများထံသို့ ပြန်လည် လွှဲပြောင်းပြီးစီးမှု အခြေအနေမှာ

လွှဲပြောင်းပေးအပ်ပြီးစီးမှု (၁၄၁၁၅၄.၆၀၂) ဧက
လွှဲပြောင်းပေးရန် ကျန် (၁၆၁၀၄၇.၁၆) ဧက ဖြစ်ကြောင်း သိရှိရပါတယ်။

“ မြေသိမ်းဆည်းခံရ၍ အမှန်တကယ် နစ်နာသူ ပြည်သူများအနေနဲ့ မိမိတို့ သိမ်းဆည်းခံခဲ့ရတဲ့ မြေများဟာ ပြန်လည် စွန့်လွှတ်သော မြေများတွင် ပါဝင်ခြင်းရှိ/မရှိ သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးများမှာ စုံစမ်းပြီး ပြန်လည်စွန့်လွှတ်မြေများတွင် ပါဝင်ပါက သက် ဆိုင်ရာ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများထံမှ မြေပိုင်ဆိုင်ခွင့် အထောက်အထားများနှင့်တကွ ခိုင်ခိုင် မာမာ လွှဲပြောင်းရယူကြဖို့ ဖြစ်ပါတယ်။”

“ရပ်ကွက်/ကျေးရွာအုပ်စု မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီများဟာ ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ ပြီး မြေကိစ္စများ ဖြေရှင်း၍ စွန့်လွှတ်မြေများအား အမှန်တကယ် နစ်နာသူ ပြည်သူများသို့ ပြန်လည်ပေးအပ် ရာတွင် အဓိက အခြေခံကျသည့် အဖွဲ့အစည်းများ ဖြစ်သဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးတို့အတွက် မြေအသုံးချမှု စီမံ ခန့်ခွဲရေးဗဟို ကော်မတီမှ လိုအပ်သည့်ညွှန်ကြားချက်များဖြင့် လမ်းညွှန်ထိန်းကျောင်း တည့်မတ် ဆောင် ရွက်ပေးလျက် ရှိပါတယ်။”

“မြေကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် ဘဝင်မကျမှုများ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် မြေအသုံးချမှု စီမံခန့် ခွဲရေး ကော်မတီများသို့ အကြံပြုချက်များ ပေးပို့နိုင်ပါကြောင်းနှင့် အဆိုပါ အကြံပြုချက်များကိုလည်း အလေး အနက်ထား ဖြေရှင်း ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ဖြစ်ပါတယ်။

ဒါ့အပြင် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအနေဖြင့် စိစစ်ဖြေရှင်းရန်ကျန်ရှိသော မြေကိစ္စများနှင့် ပြည်ထောင်စုလွှတ်တော် စုံစမ်းရေး ကော်မရှင်မှ ထပ်မံပေးပို့လာမည့် မြေကိစ္စများအား စိစစ်၍ ရရှိလာသော စွန့်လွှတ်မြေများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ထပ်မံ၍ သီးခြား ပြန်လည်စွန့်လွှတ်မည့် မြေများအား သက်ဆိုင်သူများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်း ပေးအပ် သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အသေးစိတ် ရှင်းလင်းချက်များကို ဖတ်ရှုလိုပါက နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖတ်ရှုနိုင် ပါကြောင်း။ [Read More:http://www.president-office.gov.mm/zg/?q=issues/id-7898]

Credit to   : Hmuu Zaw Facebook 

No comments:

Post a Comment